ယောကာကွယ်ရေးတပ်ဖွဲ့ YDF ရဲဘော်နှစ်ဦးကို ချင်းအမျိုးသားတပ်ဦး ရဲဘော်တွေက ဖမ်းဆီးသွားတယ်လို့ ပြော
9 July 2024 – Kachinwaves
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) မှ ရဲဘော် ၂ ဦးကို ဇူလိုင် ၇ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF/CNA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံမှ သိရပါတယ်။
ဂန့်ဂေါမြို့နယ်နဲ့ မတူပီမြို့နယ်အစပ်က ရောင်နက်ကျေးရွာမှာ YDF က ရဲဘော်တွေရှိနေချိန် ညနေပိုင်းမှာ CNA/CNF ရဲဘော်တစ်ချို့က လာရောက်ဖမ်းဆီးသွားပြီး ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာကို မသိရှိသေးဘူးလို့ ယောအလင်းတန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“CNF/CNA နဲ့က ဘာပြဿနာမှ မရှိဖူးပါဘူး။ ယောကာကွယ်ရေးတပ်-YDF က တာဝန်ရှိသူတွေကတော့ သူတို့ရဲဘော် ၂ ယောက် ဖမ်းဆီးခံရတာကို အတည်ပြုပါတယ်။ CNF/CNA အဖွဲ့က ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာနဲ့ နောက်ဆက်တွဲအခြေနေကို သူတို့ဘက် ဆက်သွယ်လို့မရသေးတော့ မသိရှိရသေးပါဘူး။”လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးထံ ဆက်သွယ်မေးမြန်းလို့ မရတဲ့အတွက် ၎င်းတို့ရဲ့ တုံ့ပြန်မှုကိုတော့ မရရှိခဲ့ပါ။
ဇူလိုင်လထဲမှာပဲ ယောဒေသအတွင်းရှိ ပကဖ လုံခြုံရေးဂိတ်တစ်ခုကို ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ရဲဘော် ၁၈ ဦးက လက်နက်အပြည့်အစုံနဲ့ ရောက်ရှိလာပြီး YDF လားလို့ မေးမြန်းမှုများရှိခဲ့ပြီး၊ ပကဖ လုံခြုံရေးဂိတ်မှန်း သိသွားတဲ့အခါ ချစ်ကြည်ရေး မဟာမိတ်စကားပြောပြီး ပြန်သွားကြောင်း သိရတယ်လို့ ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ယောဒေသမှာ အခြားကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိပြီး CNA/CNA လက်အောက်ခံတပ်ရင်းလည်း ၃ ရင်းလောက်ရှိနေတဲ့အတွက် ခုလိုဖမ်းဆီးတာတွေ လုပ်လာတာဟာ ကာကွယ်ရေးရဲဘော်တွေအကြား အမြင်လွဲပြီး မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးရိမ်တယ်လို့ ပြောတဲ့ ဒေသခံတွေလည်း ရှိပါတယ်။