ပုလဲမြို့ထဲက စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုပေါင်းရုံးနဲ့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့
8 July 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့ပါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ အခြေချနေတဲ့စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မနေ့က ဇူလှိုင်လ ၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ People’s Liberation Army (PLA) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
မနေ့က မနက် ၁၀ နာရီမှာ မြို့ထဲကို စတင်ဝင်ရောက်ပြီး စစ်ကောင်စီရဲတပ်သား ၂၀ ဦးနဲ့ တပ်သား ၄၀ ကျော်ရှိတဲ့ စုပေါင်းရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ PLA တပ်ဖွဲ့ရဲ့ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ မနက် ၆ နာရီဝန်းကျင်မှာ မြို့ကိုစကပ်ခဲ့ပြီး ၁၀ ခွဲမှာ စတင်ပြီးတော့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်ဗျ။ အဲ့မှာက ရဲတွေ၊ စစ်သားတွေအပြင် ပြည်သူ့စစ်တွေပါရှိတယ်။ ကျွန်တော်တို့ ဝင်တိုက်တဲ့အချိန် သူတို့ကင်းပတ်နေတာလည်း မရှိဘူး။ အကုန်လုံးက သူတို့စခန်းက ဘန်ကာတွေထဲမှာပဲ နေကြတာ။ အထိခိုက်အသေဆုံး အတိကျတော့ မသိရဘူးပေါ့နော်။”လို့ ပြောပါတယ်။
တိုက်ပွဲကြာချိန်မှာ ၃ နာရီထိရှိခဲ့ပြီး ရန်သူ့ဘက်က ဘန်ကာကင်းတစ်ချို့ရရှိခဲ့သလို စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့တယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အနောက်မြောက်စစ်ဒေသ-အမှတ် (၈၁၅) တပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)-Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။