ရှမ်းမြောက်ပိုင်းတွင် ဒုတိယလှိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် စကစ လွတ်မြောက်နယ်မြေများသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ
5 July 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ ဒုတိယပိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့၌ လေယာဉ်ဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းဗုံးသည် TNLA နှင့် MNDAA တပ်စခန်းအနီးရှိ ပြည်သူတစ်ဦး၏ နွားခြံထဲကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ၎င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုရှိမရှိကိုတော့ Kachin Waves အနေဖြင့် စုံစမ်းသိရှိနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် စစ်ကောင်စီတပ်က ယမန်နေ့ညအချိန်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအဖွဲ့တို့ သိမ်းပိုက်ခဲ့သည့် သိန္နီမြို့တွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လားရှိုးနှင့် မိုးကုတ်မြို့များတွင် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် တောလှန်ရေးအဖွဲ့တို့ သိမ်းပိုက်ထားသော လွတ်မြောက်နယ်မြေများသို့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ကွတ်ခိုင်မြို့ရှိ စာသင်ကျောင်းများကိုလည်း ယာယီပိတ်ထားရကြောင်း ဒေသသတင်းရင်းမြစ်၏ ပြောပြချက်အရသိရသည်။