ရေဦးမြို့က စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကျွဲတစ်ကောင် သေဆုံး
5 July 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကျွဲတစ်ကောင် သေဆုံးခဲ့ရတဲ့ဖြစ်စဉ် မနေ့က ဇူလိုင် ၄ ရက်နေ့ ည ၇ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်ဟာ ရေဦးမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ မူးမြစ်ကမ်းပေါ်က လေးရွာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကျွဲတစ်ကောင် သေဆုံးသွားတယ်လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“သူက သူ့ခြံထဲက ကျွဲတွေကိုနေရာရွှေ့ပေးနေတာပေါ့။ အဲ့ခါ လက်နက်ကြီးက သူ့နားလေးကိုကျတာ။ ရရှိထားတဲ့ဒဏ်ရာကြောင့်ပဲ သူရော၊ သူ့ကျွဲရော နေရာမှာပဲ ဆုံးသွားတယ်။”လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ အသက် ၃၇ နှစ်အရွယ် မအေးစိုးဖြစ်ပြီး ဒီနေ့နေ့လယ်ပိုင်းမှာ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ရေဦးမြို့နယ် ဖိန်းကားကျေးရွာရှိ ဆန်စက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးငယ်တစ်ဦး ထိခိုက်ခဲ့ပါသေးတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ရေး Drone ထောက်လှမ်းရေး Drone တွေ လွှတ်ပြီး ရေဦးနယ်အတွင်းကို ကင်းထောက်တာတွေလည်း ညတိုင်းပြုလုပ်နေသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ အမြဲတမ်း ပစ်ခတ်နေလို့ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ မကြာခဏရှိနေခဲ့ပါတယ်။