မိုးကုတ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က KBZ Bank နှင့် CB Bank များမှ ငွေသားနှင့် ကျောက်မြတ်ရတနာများ ယူဆောင်သွားသည်ဟု ဆို
5 July 2024 – Kachinwaves
ရှမ်းပြည်နယ် မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာအတွင်း စစ်ကောင်စီတပ်က KBZ Bank နှင့် CB Bank များမှ ငွေသားနှင့် ကျောက်မြတ်ရတနာများ စုစုပေါင်း တန်ဖိုး (ကျပ်သိန်းပေါင်း နှစ်သောင်း) ဝန်းကျင်ကို ယူဆောင်သွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513) နှင့် ပကဖ (မိုးကုတ်) တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်စွဲထားသည့် ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းများကို တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များ၌ ထွက်ပြေးခိုအောင်းနေခဲ့ကြောင်း TNLA ၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“တအာင်းတပ်မတော် TNLA နှင့် ပူးပေါင်းတပ်မှ စစ်ကောင်စီတပ်အား လိုက်လံရှင်းလင်းရာတွင် ဘဏ်အတွင်းခိုအောင်းနေသည့် စစ်ကောင်စီတပ်အား လိုက်လံရှင်းလင်းခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်မှ KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ ဖောက်ထွင်းယူဆောင်သွားကြောင်း အထောက်အထားများ တွေ့ရှိရပြီး စစ်ကောင်စီအလောင်း တစ်ဦးချင်းစီ၏ ကျောပိုးအိတ်တွင်လည်း ငွေသား သိန်း ၅၀ နှင့် ကျောက်မြတ်ရတနာများ တွေ့ရှိရသည်။”ဟု ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Kachin Waves အနေဖြင့် သီးခြားစုံစမ်းအတည်ပြုနိုင်ခြင်း မရှိပေ။ စစ်ကောင်စီဘက်က တုံ့ပြန်ထုတ်ပြန်ထားခြင်းကိုလည်း မတွေ့ရသေးပါ။