မပခ အနီးရှိ အချို့ရပ်ကွက်များ ရေကြီးမှုကြောင့် ပိတ်မိပြည်သူများရှိနေ
1 July 2024 – Kachinwaves
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အနီးရှိ ရပ်ကွက်များဖြစ်သည့် ပမ္မတီးနှင့် ရေကြည်ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်နေသည့် ဓာတ်ပုံများ ယနေ့ နံနက်ပိုင်းတွင် ပျံ့နှံ့လာသည်။
သို့သော် မပခနှင့် အနီးတွင်ရှိပြီး ယမန်နေ့ကတည်းက ရေစတင်ဝင်ရောက်နေသည့် ရပ်ကွက်များဖြစ်သော ကြက်ပေါင်ခြံနှင့် မြို့သစ်ကြီးရပ်ကွက်များတွင် ရေကြီးမှုကြောင့် ပိတ်မိပြည်သူများရှိနေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရှိရသည်။
ယမန်နေ့ကစပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းစသည့် ရပ်ကွက်များအပါအဝင် ရပ်ကွက် ၂၀ ခန့် ရေဘေးသင့်နေခြင်းဖြစ်ရာ ပရဟိတအသင်းအဖွဲ့နှင့် အရပ်သားများက ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်သော်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်း လုံလောက်မှုမရှိသည့် အခြေအနေကို ကြုံတွေ့နေရသည်။