ပန်ဝါမြို့မှာ မြေပြိုမှုဖြစ်ပွားပြီး အိမ်ခန်းငှားနေသူများ သေဆုံး
1 July 2024 – Kachinwaves
မိုးကြီးနေတဲ့ ကချင်ပြည်နယ်၊ ပန်ဝါမြို့မှာ မြေပြိုမှုတွေဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်က ပန်ဝါမြို့ ခန်းမဆောင်အနောက်ဘက်၊ မေတ္တာတည်းခိုခန်းအနီးက အိမ်ခန်းငှားစားတဲ့ အဆောင်တန်းလျားပေါ် မြေပြိုကျခဲ့ရာက အိမ်ခန်းငှားနေသူ ၇၊ ၈ ဦးလောက် မြေပိသေဆုံးတယ်လို့ ပန်ဝါမြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်ထိ မြေပြိုမှုအတွင်း ပျောက်ဆုံးနေတဲ့ အရပ်သားတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။
မြို့တွင်းမြေပြိုမှုအပြင် မြေရှားသတ္တုလုပ်ကွက်ဆိုဒ်မှာလည်း တောင်ပြိုမှုတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ လတ်တလော ကြားသိနေရပါတယ်။
တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုနဲ့ တူးဖော်နေတဲ့ ပန်ဝါဒေသက မြေရှားသတ္တုလုပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လကလည်း မြေပြိုမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဆယ်ချီသေဆုံးမှုတွေ ရှိခဲ့ပါတယ်။