ခင်ဦးတွင် စစ်ကောင်စီတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာ
1 July 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၌ စစ်ကောင်စီတပ်ကြပ်တစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ချိတ်ဆက် ဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံ ကိုင်ဆောင်ပြီး တော်လှန်ရေးရဲဘော်များနှင့် ချိတ်ဆက်ပေးရန် ပြည်သူများကို တောင်းဆိုခဲ့သည်ဟု ခင်ဦးမြို့နယ် တော်လှန်ရေးရဲဘော်က ပြောသည်။
“သူက မနက်အစောကြီး ပြည်သူတွေနေတဲ့ ရပ်ကွက်ကိုလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့ဘက်ကို ပို့ပေးပါလို့ ပြောတယ်။ သူက အရက်ကြောင်ပြီး ရောက်လာသလား၊ သူကိုယ်တိုင်ကို လိုလိုချင်ချင်နဲ့ ဝင်လာသလားဆိုတာ မသိရသေးဘူးပေါ့။ အခုချိန်ထိ စစ်ဆေးနေတုန်းဆိုတော့ အလင်းဝင်ဖောင်တော့ မဖြည့်ပေးရသေးပါဘူး။”ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီစစ်သားသည် ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တပ်စွဲနေသည့် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဒုတပ်ကြပ် ကျော်စိုး ဖြစ်ပြီး ၎င်းနှင့်အတူ MA1 (၂) လက်၊ ကျည် ၅.၅၆ (၂၁၀) တောင့်၊ ကျည်ဘောက် (၄) ခု၊ လက်ပစ်ဗုံး (၁) လုံး ပါလာကြောင်း သိရသည်။