ဧရာဝတီမြစ် ရေကြီးမှု ၂၀၀၄ ခုနှစ် စံချိန်ထက်ကျော်လွန်နိုင်
1 July 2024 – Kachinwaves
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၆ ပေမှ ၁၀ ပေအထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်ထားသည်။
၂၀၀၄ ခုနှစ် ရေကြီးမှုတွင် စိုးရိမ်ရေမှတ်အထက် ၆ ပေကျော် (စင်တီမီတာ ၂၀၇) အထိရောက်ရှိခဲ့ကြောင်း သိရပြီး၊ ယင်းနှစ်ရေကြီးချိန်တွင် စီတာပူရပ်ကွက်၊ မနောင်ဥယျာဉ်မုဂ်ဝအဝင်ရှိ ရုပ်တု၏ ဦးခေါင်းပိုင်းထိရေမြင့်တက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဇွန် ၃၀ ရက်ကတည်းက စိုးရိမ်ရေမှတ်အထက် ၃ ပေကျော် ရောက်ရှိခဲ့ပြီဖြစ်ပြီး မြို့၏မြေနိမ့်ပိုင်းရှိ ရပ်ကွက်များမှ ပြည်သူများ ရွှေ့ပြောင်းခိုလှုံနေရကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့များသည် စိုးရိမ်ရေမှတ်အထက် ၆ ပေမှ ၁၀ ပေအထိ ရောက်ရှိနိုင်သည့် မြို့များတွင် ပါဝင်နေသည်။
ထို့အပြင် ဝိုင်းမော်ဘက်ခြမ်းရှိ မိုင်းနားစစ်ဘေးရှောင်စခန်းတစ်ခုလုံး ရေနစ်မြုပ်သွားသည့်အတွက် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း သိရသည်။
“မနေ့က ကတည်းက အိမ်ပေါ်ထိရောက်လာလို့ ဘာမှမယူနိုင်ဘူး။ အခုက camp ထိပ်က ဘုရားကျောင်းမှာနေနေတယ်။ စစ်ရှောင်ရင်စားဖို့ ဆန်၊ ရိက္ခာခြောက်တွေလည်း အကုန်မြုပ်သွားပြီ ပြောတယ်။ လောလောဆယ်က စားဖို့ပိုခက်ခဲနေတယ်။ အကုန်ရေမြုပ်သွားတော့။”ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိ လူအယောက် ၈၀ ဝန်းကျင်သည် ၎င်းစစ်ရှောင်စခန်းအနီးရှိ ဘုရားကျောင်းတွင် ခိုလှုံနေကြပြီး အစားအသောက်၊ ရေနှင့် ဆေးဝါးအကူအညီ လိုအပ်နေကြောင်း ပြောသည်။
ဧရာဝတီမြစ်ရေကြီးလာမှုကြောင့် မြစ်ကြီးနားမြို့ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ စီတာပူ၊ အေးစေတီ၊ ယုဇန၊ မြေမြင့်၊ လယ်ကုန်း၊ ရန်ကြီးအောင်၊ ကချင်စု၊ ကျွန်းပင်သာ၊ ပမ္မတီး စသည့် ရပ်ကွက်များ အပါအဝင် ရပ်ကွက်ပေါင်း ၂၀ ခန့် ရေဝင်နေရောက်နေကြောင်း သိရသည်။
ဧရာဝတီမြစ်ဆုံအထက်ပိုင်း မလိခနှင့် အင်မိုင်ခမြစ်ပိုင်းတွင် မိုးကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။