မန္တလေး တွင်းငယ်မြို့နှင့် ရှမ်းမြောက် မိုးမိတ်လမ်းကို PLA နှင့် TNLA အပြည့်အဝ ထိန်းချုပ်လိုက်ပြီ
30 June 2024 – Kachinwaves
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကားလမ်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် မဟာမိတ် TNLA ပူးပေါင်းတပ်တို့က အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်ဟု PLA မှ ယနေ့ ဇွန်လ ၃၀ ရက်နေ့၌ ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army-PLA) (၆၀၇) တပ်ရင်းသည် မဟာမိတ် TNLA နှင့်အတူပူးပေါင်းကာ ဇွန်လ ၂၅ ရက်နေ့တွင် မိုးမိတ်မြို့နှင့် တွင်းငယ်မြို့ကြားကို ဖြတ်တောက်ရေးအတွက် စတင်ထိုးစစ်ဆင်ခဲ့ကြောင်း PLA အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ် တွင်းငယ်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကြားရှိ သပိတ်ကျင်းမြို့နယ် ကင်းချောင်းရွာတံတားထိပ်၌ အင်အား ၂၀ နီးပါးတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုအား PLA နှင့် TNLA ပူးပေါင်းတပ်က ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းအချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း ပြောသည်။
“အခုတိုက်တာက ကင်းချောင်း တံတားစောင့်တပ်ပါ။ သပိတ်ကျင်းမြို့နယ် တွင်းငယ်နဲ့ မိုးမိတ်မြို့နယ်ကြမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်စခန်းတစ်ခုပဲ။ အဲ့မှာ ရဲရော တပ်ရောပေါင်းထိုင်ထားတာပါ။ အရင်ကတော့ အင်အား ၅၀ လောက်ထိုင်တယ်ပေါ့။ အခုကတော့ သူတို့လည်း အင်အားသိပ်မသုံးနိုင်တော့ ၂၀ ယောက်ပဲရှိမယ်။ ရွှေကျောက်မောရွာ ရဲစခန်းက စခန်းစွန့်ပြေးလာတဲ့ရဲတွေနဲ့ တပ်နဲ့ ပေါင်းပြီးထိုင်ထားတာ။ ရွှေကျောက်မောက အရင်က ABSDF က သိမ်းပိုက်ထားတာ”ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃ ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိပြီးတော့ အများအပြား ဒဏ်ရာရရှိကာ မိုးမိတ်ဗျူဟာကုန်းဘက်သို့ စခန်းစွန့်ခွာ ထွက်ပြေးသွားသည်ဟု ပြောသည်။
ကင်းချောင်းရွာတံတားထိပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် လက်ရှိတွင် PLA တပ်ဖွဲ့များနှင့် TNLA တပ်ဖွဲ့တို့က သပိတ်ကျင်းမှ မိုးမိတ်ဘက်သို့ ရိက္ခာနှင့် စစ်ကူများပို့နိုင်မည့် တွင်းငယ်-မိုးမိတ်လမ်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောပါသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးမိတ်စစ်မျက်နှာနှင့် တစ်ခြားစစ်မျက်နှာပြင်များတွင် မဟာမိတ် TNLA အပါအဝင် အခြားမဟာမိတ်များနှင့် ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျှက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။