ဝိုင်းမော် စစ်ရှောင်များ ရေဘေးဒုက္ခကြောင့် အရေးပေါ် ပြောင်းရွှေ့နေရ
30 June 2024 – Kachinwaves
မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေ တက်နေဆဲဖြစ်သဖြင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ရေကြီးရေလျှံမှုများဖြစ်နေကာ အချို့စစ်ရှောင်စခန်းများသည် အရေးပေါ် ပြောင်းရွှေ့နေရကြောင်း လဘန်ကျေးရွာရှိ စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦးက ပြောပြသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြးမှုဦးစီးဌာနကလည်း နောက် ၂ ရက်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် ၎င်းမြို့၏ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင် နေထိုင်သည့်ပြည်သူများ သထိပြုနေထိုင်ရန် သတင်းထုတ်ပြန်ထားသည်။
”ကျွန်မတို့စစ်ရှောင်စခန်းက မြစ်နားမှာဆိုတော့ ခုမြစ်ရေက တော်တော်တက်လာတော့ ရေတွေကြီးပြီး နေလို့မရတော့ဘူး။ ပစ္စည်းတွေရွှေ့နေရတယ်။ ခုအကုန်လုံးကလည်း ရှိသမျှပစ္စည်းတွေ သယ်ထုတ်နေပြီး ဘေးလွတ်ရာကို ထပ်ရှောင်နေရတယ်။”ဟု ပြောပြသည်။
ဝိုင်းမော် မြစ်ကမ်းနံဘေးရှိ အဆိုပါစစ်ရှောင်စခန်းများသို့ သွားရာလမ်းကြောတစ်လျှောက် အချို့လမ်းပိုင်းများ၌ ရေနစ်မြှုပ်နေသဖြင့် သွားလာမရဖြစ်နေသည့်အပြင် အူဗျစ်စက်လှေဆိပ်လည်း ယာယီပိတ်ထားရသည့်အတွက် သွားလာ၍မရ ဖြစ်နေကြောင်း ဒေသခံတစ်ဦးကလည်း ယခုလိုပြောပြသည်။
”အခုဒီ နောင်းချိန်းနဲ့ ဟန်းကော၊ အင်ဘောန် သွားတဲ့လမ်းပိုင်းက တံတားမှာဆို မြေနိမ့်ပြီး ရေတွေချည်းပဲဆိုတော့ သွားလို့မရဘူး။ ပြီးတော့ အူဗျစ်စက်လှေဆိပ်ကလည်း ရေတအားတက်နေတော့ မကူးပေးဘူး။ ပိတ်ထားတယ်။ ထွက်လို့မရဘူး ဖြစ်နေတယ်။”ဟု ပြောပြသည်။
မြစ်ဆုံအထက် မလိခမြစ်ဖျားပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ရေကြီးရေလျှံဖြစ်နေကြောင်း သိရသည်။