ဝိုင်းမော်မှာ စစ်ကောင်စီက တံတားတစ်စင်းကို လေယဉ်ဗုံးကြဲပြီး ထပ်မံ ဖျက်ဆီး
26 June 2024 – Kachinwaves
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနဲ့ ဂါးရာယန်ကျေးရွာကြားက တံတားကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညနေ ၆ နာရီလောက်မှာ တိုက်လေယာဉ်တစ်စီး ဖြတ်သန်းသွားပြီး တံတားပေါ်ဗုံးချဖျက်ဆီးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ဂါးရာယန်နဲ့ ရွှေညောင်ပင်တံတားကို ပြန်ဖျက်လိုက်ပြီ။ ဂျက်ဖိုက်တာနဲ့ မနေ့ညနေတုန်းက လာပစ်တာ။ မိုးရွာနေတာတောင်”လို့ ပြောပါတယ်။
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမကြီးတကြောမှာ KIA ရဲ့ စခန်းသိမ်းထိုးစစ် စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အရပ်သားတွေ အသုံးပြုတဲ့တံတားတွေကို လေကြောင်းနဲ့ ဗုံးချဖျက်ဆီးနေတာ တံတား ၃ စင်း ထက်မနည်းရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိ ဝိုင်းမော်စစ်မျက်နှာပြင်မှာ နေရာယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ချင်တဲ့အတွက် တံတားတွေကို ရွေးချယ်ဖျက်ဆီးနေတာ ဖြစ်မယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ယူဆပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ဘော်ဆာဒီးကျေးရွာနားက ဒဘတ်ချောင်းကူးတံတားကို တိုက်လေယာဉ်နဲ့ လာပစ်တဲ့ဖြစ်စဉ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါသေးတယ်။