မရပ်မနား ဖြည်းဖြည်းပုံမှန်သွားနေတဲ့ ကချင်ပြည်က စစ်ဆင်ရေးနှင့် ဂွင်ပျောက်လာတဲ့ စစ်ကောင်စီ
စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
25 June 2024 – Kachinwaves
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ၂၀၂၃ ခုနှစ် ဒုတိယ နှစ်ဝက်ကတည်းက စခန်းသိမ်းစစ်ဆင်ရေးတွေ ဆင်နွှဲလာတာကို တွေ့ရပါတယ်။ ၂၀၂၄ နှစ်စပိုင်းကစပြီး ကချင်နဲ့ ရှမ်းမြောက်ဒေသက ၎င်းတို့လှုပ်ရှားနယ်မြေအတွင်းမှာ တလှည့်စီဟန်ချက်ညီ စစ်ဆင်ရေးနဲ့ သွားနေတာကို Kachin Waves စုဆောင်းထားတဲ့ တိုက်ပွဲအခြေအနေတွေအရ တွေ့ရှိရပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းကစပြီး ကချင်ပြည်နယ်အတွင်းက မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဖားကန့်နဲ့ တနိုင်း၊ ဆွမ်ပရာဘွမ် စတဲ့မြို့နယ်တွေအပြင် ကချင်ပြည်နယ်အထူးဒေသ (၁) နယ်မြေ ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေမှာပါ အလှည့်ကျ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ၂၀၂၄ ရဲ့ နှစ်ဝက်မကျိုးခင် ဇွန်လနောက်ဆုံးပတ်အထိ KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသက စစ်စခန်းပေါင်း ၂၀၀ နီးပါးအပြင် မဘိမ်း၊ လွယ်ဂျယ်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ် စတဲ့မြို့တွေကို သိမ်းပိုက်ထားပြီး၊ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဖားကန့် စတဲ့ မြို့တွေကိုလည်း စစ်ရေးအရ ပိတ်ဆို့ထိန်းချုပ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က တဖန်ပြန်စတင်ခဲ့တဲ့ ဝိုင်းမော်ဘက်က ဒုတိယအကြိမ် ထိုးစစ်ဟာ ဇွန်လတတိယပတ်မှာ အတန်ငယ်ငြိမ်သက်သွားပြီးနောက် ဇွန်လနောက်ဆုံးအပတ်မှာတော့ ဖားကန့်ဒေသတစ်ဝိုက်မှာ စစ်ရေးပြန်လည် လှုပ်ရှားလာခဲ့တာကို တွေ့ရပါတယ်။ ဇွန် ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့က ဖားကန့်အတက် လမ်းကြောပေါ်မှာရှိတဲ့ အင်းတော်ကြီးဒေသက ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်စခန်း ၃ ခုဖြစ်တဲ့ ဝှေလုံ၊ ညောင်ပင်နဲ့ ချောင်းဝ စခန်းတွေကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ သိမ်းလိုက်တဲ့ စခန်းတွေဟာ ဖားကန့်၊ ဝှေခါမှော်ဘက် အတက်လမ်းကြောပေါ်မှာတည်ရှိပြီး ဝှေခါမှော်ကိုတော့ပြီးခဲ့တဲ့ ဧပြီလကပဲ KIA ပူးပေါင်းအဖွဲ့တွေက အပြီးထိန်းချုပ်လိုက်နိုင်တာပါ။
စခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့တဲ့ အင်းတော်ကြီးနယ်မြေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေထုတ်လုပ်မှုကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အင်းတော်ကြီးနယ်မြေထဲ တိုက်ပွဲခြေဆန့်လာခြင်းဟာ ဖားကန့်ဒေသကို စစ်ကောင်စီ ဝင်ရောက်အင်အားဖြည့်နိုင်တဲ့ လမ်းကြောကိုအပြီးတိုင် ပိတ်လိုခြင်းဖြစ်တဲ့အပြင် ရွှေလုပ်ငန်းကနေ အခွန်အခတွေရနေတဲ့ စစ်ကောင်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ဝင်ငွတစ်စိတ်တစ်ဒေသ ထိခိုက်သွားမယ့်သဘောပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နဲ့အဓိက ကုန်သွယ်မှုပြုလုပ်နေတဲ့ လွယ်ဂျယ်မြို့ကို KIA က အပြီးသတ်သိမ်းပိုက်ထားတဲ့အပြင် ကန်ပိုက်တည်ဂိတ်နဲ့ ဆက်သွယ်ထားတဲ့ ဝိုင်းမော်-ကန်ပိုက်တည် လမ်းကြောပေါ်က စခန်းတွေကို သိမ်းပိုက်ထားတဲ့အတွက် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း KIA ရဲ့ ထိန်းချုပ်မှုအောက်ထဲ တဖြည်းဖြည်း ကျရောက်လာတာပဲ ဖြစ်ပါတယ်။ နေ့စဉ် အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ကုန်သွယ်မှု ပြုလုပ်နေတဲ့ ဒီကုန်သွယ်ရေး လမ်းကြောင်းတွေကို ချုပ်ကိုင်မှုဟာ နယ်စပ်ကုန်သွယ်ရေးကနေ စစ်ကောင်စီရမယ့် ဝင်ငွေထောက်တိုင်တစ်ခုကို ချိုးဖျက်လိုက်ခြင်း ဖြစ်ပါတယ်။
အရင်အစိုးရ အဆက်ဆက်ကတည်းက စစ်ကောင်စီဝင်ငွေရနေတဲ့ ဖားကန့်ဒေသမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက KIA က စခန်းသိမ်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၄ နှစ်ဝက်အထိ KIA ဟာ ဖားကန့်ဒေသက နာမည်ကျော် ကျောက်စိမ်းမှော်ဒေသတွေဖြစ်တဲ့ ဝှေခါမှော်နဲ့ တာမခံမှော်ကို ထိန်းချုပ်ထားသလို ဖားကန့်ကိုဆက်သွယ်ထားတဲ့ လမ်းကြော ၃ ခုပေါ်က ဆယ်ဇင်း၊ ဝှေခါနဲ့ နန့်တိန်းက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ပြီး ဖားကန့်ရဲ့ ဝင်လမ်းထွက်လမ်းတွေကို ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေအဓိက ရှာပေးနေတဲ့ဒေသ တစ်စိတ်တစ်ဒေသကို KIA ချုပ်ကိုင်လိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်လျော့နည်းသွားစေတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဖြည်းဖြည်းနဲ့ မှန်မှန်သွားနေတဲ့ ကချင်ဒေသက တော်လှန်ရေးဆင်နွှဲမှုမှာ စစ်ကောင်စီဟာ ဝင်ငွေရပေါက်တွေ တဖြည်းဖြည်း ပိတ်ဆို့ခံလာရသလို စကစ ရဲ့ အာဏာစက်ရောက်ရှိနိုင်တဲ့ နယ်မြေတွေလည်း တဖြည်းဖြည်း လျော့နည်းလာနေပြီပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ တွေ့ရမယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က နှစ်သစ်မှာ ပြောခဲ့ပါတယ်။ နှစ်တစ်ဝက်ကျိုးလာတဲ့ အချိန်မှာတော့ ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာတာကို တွေ့မြင်ရပါတယ်။ နောက်ကျန်တဲ့ ၆ လမှာရော KIO/KIA ဘယ်လို စစ်ရေး၊ နိုင်ငံရေး အရွေ့တွေကို ဆက်လုပ်သွားမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရမယ့် အနေအထားပါ။