လူဦးရေ ၆ သောင်းကျော်အတွက် တစ်လစာဖူလုံစေမည့် မောင်တောရှိ ရိက္ခာသိုလှောင်ရုံ ဖျက်ဆီးခံရမှုအပေါ် WFP ပြင်းထန်စွာရှုတ်ချ
25 June 2024 – Kachinwaves
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ၏ သိုလှောင်ရုံ ဇွန်လ ၂၂ ရက်နေ့ (စနေနေ့) က ဖောက်ထွင်းလုယူ၊ မီးရှို့ဖျက်ဆီးခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း WFP (ရန်ကုန်) မှ ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါသိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေပေါ်ကယ်ဆယ်ရေး ရိက္ခာစုစုပေါင်း ၁,၁၇၅ မက်ထရစ်တန် သိုလှောင်ထားသည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲပြင်းထန်နေသောကြောင့် World Food Programme (WFP) ဝန်ထမ်းများ သွားရောက်နိုင်ခြင်းမရှိသည့် ယခုလိုကာလတွင် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌တွေ့ရှိရသည်။
အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းပါရှိပြီး မည်သူတို့၏ လက်ချက်ဖြစ်ကြောင်းကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပါ။
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများ အားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။