ဆိုင်းတောင် ရဲစခန်းဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရှိ
26 June 2024 – Kachinwaves
ဖားကန့်၊ဆိုင်းတောင်ရဲစခန်းကုန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ တပ်နဲ့နီးစပ်သူထံက သိရှိရပါတယ်။
ဒီကနေ့မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်းတောင်ရဲစခန်းကုန်းကို KPDF အဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် ပရဟိတအဖွဲ့က လူနာတင်ကား ၅ စီးနဲ့ ပါဂျဲရိုကား ၂ စီးနဲ့ ထိခိုက်သူတွေကို ဖားကန့်ဆေးရုံသို့ သယ်ဆောင်သွားကြတယ်လို့ ပြောပါတယ်။
အဆိုပါဒရုန်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး၊ ရဲမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း ၁၀ ဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရှိရပါတယ်။
လက်ရှိအချိန် ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီ ရဲစခန်းကုန်းမှာ တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်လောက်သာ ကျန်ရှိတော့ကြောင်း သိရှိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညနေ ၄ နာရီဝန်းကျင်မှာ ဖားကန့်ပြည်သူ့ဆေးရုံကြီးကနေ လူနာတင်ယာဉ်နှစ်စီးနဲ့ မှော်ဝမ်းသုဿာန်ကို ပို့ဆောင်သွားကြကြောင်း မြင်တွေ့သူတွေကတစ်ဆင့် သိရှိရပါတယ်။