အင်းတော် စစ်ကောင်စီတပ်ကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နားခါရွာသားတစ်ဦး သေဆုံး
25 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်ထဲအိပ်နေသည့် နားခါရွာသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ည ၉ နာရီဝန်းကျင်မှာ အင်းတော်စစ်ကောင်စီတပ်ကုန်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည် မြို့၏တောင်ဘက် တစ်မိုင်အကွာခန့်၌တည်ရှိသော နားခါရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၆၅ နှစ်အရွယ် ဦးစိုးနိုင်ဆိုသူမှာ လက်နက်ကြီးစထိမှန်ခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရကြောင်း Indaw Revolution-IR အဖွဲ့၏တာဝန်ရှိသူက ပြောသည်။
“ညက ၆၀ သီးနဲ့ လှမ်းထုတာ နားခါရွာရဲ့ ဘုန်းကြီးကျောင်းနားက ထောင့်နားက အိမ်ပေါ်ကိုကျပြီး ပေါက်ကွဲခဲ့တာ။ အဲ့ဦးလေးက နေအိမ်ထဲမှာ အိပ်နေတာနဲ့ ထိသွားတာ။”ဟု ဆိုသည်။
အဆိုပါအမျိုးသားသည် လက်နက်ကြီးထိမှန်၍ ခါးအောက်ပိုင်း အပြင်းအထန်ရရှိသည့် ဒဏ်ရာကြောင့် ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၃ နာရီခန့်တွင် သေဆုံးသွားကြောင်း ပြောသည်။
ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန်တွင်လည်း အင်းတော်မြို့နယ်၊ နန့်သာရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း နောက်ဆုံးသိရှိရသည်။