အင်းတော်ကြီးဒေသက ဝှေလုံနဲ့ ညောင်ပင်တပ်စခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်၊ စကစ ဗိုလ်ကြီးတစ်ဦးသေ
23 June 2024 – Kachinwaves
ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းအထိုင်ချတဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာနဲ့ ဝှေလုံကျေးရွာက စကစ စခန်း ၂ ကို KIA ပူးပေါင်းအဖွဲ့က ဒီနေ့သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
မနေ့မနက်ပိုင်းကတည်းက အင်းတော်ကြီးဒေသက ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင်စစ်စခန်းတွေကို စခန်းသိမ်း ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ ဒီကနေ့မှာတော့ ဝှေလုံနဲ့ချောင်းဝကို သိမ်းလိုက်နိုင်တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ညောင်ပင်ရပြီ။ ဝှေလုံရပြီ။ ညောင်ပင်က လောလောဆယ်ရတာနေမယ်။ ဝှေလုံကဘယ်ချိန်က ရလိုက်လဲမသိဘူး။”လို့ ပြောပါတယ်။
ချောင်းဝရွာကစခန်းကိုတော့ လက်ရှိချိန်ထိ တိုက်ခိုက်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ညောင်ပင်စစ်စခန်းမှ စစ်ကောင်စီ သုံးပွင့်ဗိုလ်တစ်ဦး သေဆုံးကြောင်းသိရပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် ဟိုပင်တပ်မှလည်း မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
“အထိနာနေလို့နေမယ်။ မနေ့ကရယ်၊ ဒီနေ့ညရယ်၊ ညနေကရယ် မစ်ဇိုင်းပစ်နေတာ။ အခုလည်းပစ်နေပြီ၊ မစ်ဇိုင်း။ အခုနဲ့ ညနေကနဲ့ ပေါင်းရင် ၆ ကြိမ်ရှိပြီ။”
တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စစ်တပ်ကလေကြောင်း ပစ်ကူပေးနေပြီး ဒီနေ့လည်း တိုက်လေယာဉ်နဲ့ ၄ ကြိမ်လာရောက် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိသိမ်းပိုက်လိုက်နိုင်တဲ့ စစ်ကောင်စီတပ်စခန်း (၂) ခုဟာ ဖားကန့်၊ ဝှေခါကျေးရွာ အသွားလမ်းပေါ်မှာတည်ရှိပြီး ဝှေခါကျေးရွာကို ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။