အင်းတော်ကြီးဒေသက ချောင်းဝ စကစ စခန်းကိုလည်း KIA ပူးပေါင်းအဖွဲ့သိမ်းပိုက်
24 June 2024 – Kachinwaves
အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်ရဲ့ ချောင်းဝစစ်စခန်းကိုလည်း KIA ပူးပေါင်းအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
ကချင်ပြည်နယ် အင်းတော်ကြီးဒေသက ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်း ၃ ခုကို ဇွန်လ ၂၂ ရက်နေ့ကတည်းက တစ်ပြိုင်နက် စတင်တိုက်ခိုက်ခဲ့ရာ နောက်ဆုံးကျန်ရှိတဲ့ ချောင်းဝ စစ်စခန်းကို အပြီးသတ်သိမ်းလိုက်နိုင်ပြီလို့ သိရပါတယ်။
ဝှေလုံတပ်စခန်းနဲ့ ညောင်ပင်တပ်က စခန်းကိုတော့ မနေ့ကညနေပိုင်းနဲ့ ညပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ချောင်းဝစစ်စခန်းကို ၁၉၈၀ ခုနှစ် နိုဝင်ဘာလမှာ KIA တပ်ရင်း (၆) က တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်က ပြန်ဝင်လာတဲ့အချိန် ပြန်လည်လက်လွှတ်ခဲ့ရတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။