နန့်စီးအောင်ဂိတ်က ခွင့်မပြုလို့ ကချင်ပြည်နယ်ကိုဝင်မယ့် ဆီဘောက်ဆာကားတွေ အင်းတော်မှာ ပိတ်မိနေတယ်လို့ ပြော
21 June 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန့်စီးအောင် စစ်ကောင်စီဂိတ်မှာ စစ်ကိုင်းတိုင်းကနေ တက်လာတဲ့ ဆီဘောက်ဆာကားတွေကို ဖြတ်သန်းခွင့်မပေးပဲ ပိတ်ထားတဲ့အတွက် ကချင်နဲ့ စစ်ကိုင်းနယ်စပ်က အင်းတော်မြို့နယ်ထဲမှာ ဆီကားတွေ ရာနဲ့ချီပိတ်မိနေတယ်လို့ ဆိုပါတယ်။
၎င်းဆီကားတွေဟာ ကချင်ပြည်နယ်ထဲ ဝင်ဖို့ရန် စောင့်ဆိုင်းနေပြီး အင်းတော်မှာဆိုရင် ပိတ်မိနေတာ ၂ ပတ်ကျော် ရှိနေပြီလို့ ကားဆရာတွေက ပြောပါတယ်။
“မဲဇာဘက်မှာက ၁ ပတ်၊ နန့်စီးအောင်မှာက ၆ ရက်၊ မော်လူးမှာက ၃ ရက်ရှိပြီပေါ့၊ ပိတ်မိနေတာ။ နန့်စီးအောင်ဂိတ်က ကချင်ပြည်နယ်ထဲ ဆီမသယ်ရဘူးဆိုပြီး မဖြတ်ခိုင်းတာ။ ဖြတ်ရင်ဖမ်းမယ်ဆိုပြီး သူတို့ပြောတယ်ပေါ့။”လို့ ဆီဘောင်ဆာ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။
တရုတ်ပြည်ဘက်က ဆီတွေကိုလည်း ကန်ပိုင်တည်လမ်းကနေ မြစ်ကြီးနားဘက်ကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပေးတဲ့အတွက်ကြောင့် မြစ်ကြီးနားမှာ ဆီဈေးမြင့်တက်နေတယ်လို့လည်း ဆီဘောင်ဆာယာဉ်မောင်းက ပြောပါတယ်။
“မြစ်ကြီးနားကသူတွေက ဆီတွေကို တရုတ်ပြည်ဘက်ကနေ ယူပြီးသုံးရမယ်ပေါ့။ ဒါပေမဲ့ အခုက အကန့်အသတ်နဲ့ပဲ ထုတ်ပေးနေတော့ ဆီဈေးတွေ မြင့်တတ်နေတာပေါ့။ မြစ်ကြီးနားကတော့ ဆီပြတ်ချင်မှ ပြတ်လိမ့်မယ်။ မိုးညှင်းတို့၊ မိုးကောင်းတို့၊ ဟိုပင်တို့နဲ့ တခြားမြို့တွေကတော့ ဆီပြတ်သွားနိုင်တယ်။”လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့က ဆီဆိုင်တစ်ချို့ ဆိုင်ပိတ်ထားပြီး၊ ဖွင့်တဲ့ဆိုင်တွေလည်း ဆိုင်ပုံမှန်မဖွင့်သေးကြောင်း သိရပါတယ်။