ဟိုပင်မြို့တွင် ဇနီးဖြစ်သူကိုသတ်ပြီး အမျိုးသားဖြစ်သူက ကြိုးဆွဲချသေကာ သားလည်း ဂုတ်ပြတ်ချဒဏ်ရာဖြင့် ဆေးရုံရောက်နေ
16 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်ပြီး ကြိုးဆွဲချသတ်သေခဲ့သည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဟိုပင်မြို့၊ မြသီတာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယမန်နေ့ညက ဇနီးနှင့် သားဖြစ်သူကို ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ကြောင်း ဟိုပင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လင်မယားနှစ်ယောက် ဘာတွေဖြစ်ကြလဲ မသိဘူး။ ပတ်ဝန်းကျင်လည်း မသိဘူးလေ။ ကြိတ်ဖြစ်ကြတာဆိုတော့၊ သိတဲ့အချိန်သွားကြည့်တော့ ယောကျ်ားဖြစ်သူက ဆွဲကြိုးချသေနေပြီ။”
အမျိုးသမီးဖြစ်သူသည် ဓားခုတ်ဒဏ်ရာများကြောင့် နေအိမ်ဧည့်ခန်း၌ သေဆုံးနေပြီး သေဆုံးသူ၏ အမျိုးသားဖြစ်သူသည် အိပ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။
ဇနီးမောင်နှံနှစ်ဦး၏ သားဖြစ်သူလည်းဂုတ်၌ ပြတ်ရှဒဏ်ရာရရှိထားပြီး ယခုလက်ရှိ မိုးညှင်းဆေးရုံတွင် ကုသနေရကြောင်း သိရသည်။
သေဆုံးသည့် ဇနီးမောင်နှံနှစ်ဦးကို ပရဟိတအသင်းအကူအညီဖြင့် ယနေ့နေ့လည်က မိုးညှင်းသုဿာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။