စကစ က လမ်းဖျက်ဆီးခဲ့တဲ့ မြစ်ကြီးနား အကျဲရွာနားမှာ တိုက်ပွဲဖြစ်ခဲ့
18 June 2024 – Kachinwaves
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက အကျဲကျေးရွာနားမှာ ဒီကနေ့ မွန့်တည့် ၁၂ နာရီလောက်က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။
“အကျဲဘက်မှ အသံကြားတယ်။ တိုက်ပွဲဖြစ်တာနေမှာ။ ၂၀ မိနစ်လောက်ကြားတယ်။ စစ်တပ်ဘက်က နောက်ပြန် ဆုတ်သွားတယ် ကြားတယ်။”လို့ ပြောပါတယ်။
၂၀ မိနစ်ဝန်းကျင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က မနက်မှာပဲ စစ်ကောင်စီတပ်က အကျဲနဲ့ ဖရောကျေးရွာ ကားလမ်းကို မြေးတူးဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့ကို လက်မလွတ်ရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ မြစ်ကြီးနားမြို့ကနေ လေကြောင်း၊ လက်နက်ကြီးနဲ့ နေ့တိုင်း၊ ညစဉ်လိုလို ပစ်ခတ်ခုခံနေပြီး လမ်း၊ တံတား တွေကိုပါ ဖျက်ဆီး ပိတ်ဆို့တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
မနေ့ညနေပိုင်းလည်း ဝိုင်းမော်ကို တန်ပြန်စစ်ကြောင်းထိုးမယ့် စစ်ကောင်စီအဖွဲ့တွေ နေရာယူထားတဲ့ ဝိုင်းမော်အထွက်က ခါးရှီကျေးရွာနဲ့ စန်းကားကျေးရွာအနီးမှာ လမ်းကြောင်းရှင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။