ဝိုင်းမော် မုတ်လွဲတံတာအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး
14 June 2024 – Kachinwaves
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဝိုင်းမော်မြို့နှင့် ခတ်ချိုကြားရှိ မုတ်လွဲရွာတံတားအနီး ကျရောက်ပေါက်ကွဲခဲ့၍ ဆိုင်ကယ်စီးနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ယမန့်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မနေ့က ညနေပိုင်း မြစ်ကြီးနားဘက်က လက်နက်ကြီးနဲ့ ထုတာကြောင့် ဝိုင်းမော် မုတ်လွဲတံတားမှာ ဆိုင်ကယ်စီးနေတဲ့ အမျိုးသမီးတစ်ဦးထိပြီး သေသွားတယ်လို့ကြားတယ်။”ဟု ပြောသည်။
အဆိုပါ အမျိုးသမီးသည် ခတ်ချိုစက်လှေဆိပ်ပိတ်ထားသဖြင့် မြစ်ကြီးနားဘက်ကို ငွေလွှဲသွားထုတ်ရန် သွားနေစဉ် ယခုလို ထိခိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သူမနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“သူက မခမ်းတီးရွာမှာ ပန်းစိုက်ပြီးနေတာပါ။ မြစ်ကြီးနားကို ငွေလွှဲသွားထုတ်တယ်လို့ သိရတယ်။ ဝိုင်းမော်ဘက်ကသွားတာက ဒီခတ်ချိုဘက် စက်လှေဆိပ်ပိတ်လို့ ထင်တယ်။”ဟု ပြောသည်။
သေဆုံးသွားသည့် အမျိုးသမီးမှာ မိုးကောင်းမြို့နယ် ပင်ဘောရွာ ဇာတိဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း KIA၊ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၄၀ နီးပါး သိမ်းပိုက်နိုင်ခဲ့ပြီး မြစ်ကြီးနားမြို့ဘက်မှလည်း ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပတ်ခတ်နေလျှက် ရှိသည်။