စစ်ကိုင်းနှင့် ကချင်နယ်စပ်က နန့်စီးအောင် စစ်ကောင်စီ ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်၌ ခရီးသွားများ၏ ဖုန်းကို VPN စစ်ဆေးပြီး ငွေညှစ်နေ
15 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် ကချင်ပြည်နယ်အစပ်ရှိ စစ်ကောင်စီ၏ ဌာနပေါင်းစုံ နန့်စီးအောင် စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများ၏ ဖုန်းများကို VPN ဆော့ဝဲလ်ပါမပါ စစ်ဆေးနေပြီး၊ တွေ့လျှင် ဒဏ်ငွေ ၅ သောင်း ဆောင်ခိုင်းနေသည်ဟု နန့်စီးအောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်း ၆ နာရီဂိတ်ဖွင့်ချိန်ကစပြီး ဂိတ်ကိုဖြတ်သည့် ခရီးသယ်တင်ကားများမှ ခရီးသယ်များ၏ဖုန်းများကို VPN ဆော့ဝဲပါမပါစစ်ဆေးပြီး ဒဏ်ငွေဆောင်ခိုင်းကြောင်းအမျိုးသမီးက ဆိုသည်။
“ဒီနေ့မနက်မှ စစ်တာပေါ့။ ကျွန်မက ဂိတ်ကိုဖြတ်ပြီး သွားစရာရှိလို့ သွားမလို့ ရှေ့မှာခရီးသယ်တွေ စုစု စုစုနဲ့ဆိုတော့ ဘာလုပ်တာလဲပေါ့။ နောက်မှရဲတွေက VPN တွေ စစ်နေတာ၊ တွေ့ရင် ၅ သောင်းဆိုပြီး ဒဏ်ရိုက်နေတယ် ဖြစ်နေတာ။”ဟု ဆိုသည်။
အဆိုပါ နန့်စီးအောင်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ညနေ ၆ နာရီမှ နံနက် ၆ နာရီကြား သွားလာခွင့်ပိတ်ထားပြီး ခရီးသွားပြည်သူများကိုလည်း မှတ်ပုံတင်များ စစ်ဆေးသလို ကုန်တင်ကားနှင့် ခရီးသယ်တင်ကားများထံမှလည်း အခွန်များကောက်ခံသည်ဟု မန္တလေးနှင့် မြစ်ကြီးနားကို ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။
“ခရီးသယ်တွေဆို မှတ်ပုံတင်လေးကိုင်ပြီး လမ်းဆင်လျှောက်ရတယ်။ မှတ်ပုံတင်ပါမပါ စစ်တယ်ပေါ့။ မပါရင်လည်း ၅ သောင်းတောင်းတယ်။ ကုန်တင်ကားတွေဆို ဂိတ်ကိုဖြတ်ရင် ၃ သောင်းလောက်မှာ အသာလေးပေးရတယ်။ ဆီကားတွေဆိုလည်း ပေးရတယ်။ ခရီးသယ်ကားတွေဆိုလည်း ကားပေါ်မှာ ပါဆယ်ထုတ်ပါတဲ့ အရေအတွက်ကိုကြည့်ပြီး ၂ သောင်းလောက်ပေးရတယ်။ ကားပေါ်မှာ ဆိုင်ကယ်တွေတင်ခဲ့ရင် ပိုဆိုးပေါ့။ ဆိုင်ကယ်တစ်စီးကို ၂ သိန်းလောက်ပေးရတယ်။ အဲ့မှာ စစ်ဆေးတဲ့ ကလေးတွေကလည်း မြှောက်ကြွမြှောက်ကြွနဲ့ အတော်ဆိုးတဲ့ဂိတ်ပါပဲ။”ဟု ဆိုသည်။
မန္တလေးနှင့် မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်မှာရှိ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်က နန့်စီးအောင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စစ်သား၊ ရဲနှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင် ၄၀ ကျော်ခန့်ရှိပြီး နေ့စဉ်ဝင်ငွေ ကျပ်သိန်းထောင်ကဏန်းရနေသော ဂိတ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။