နယ်မြေကာကွယ်ရန် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များကို အမိန့်ပေးသည့် ဦးဇခုန်တိန့်ယိန်း၏ အမိန့်စာထွက်လာ
14 June 2024 – Kachinwaves
ကချင်အထူးဒေသ (၁) နယ်မြေအတွင်း ဝင်ရောက်လာသော KIA နှင့် PDF များကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြရန် ဦးဇခုန်တိန့်ယိန်းက ဇွန် ၇ ရက်နေ့က အမိန့်ထုတ်လိုက်သည့် စာကိုတွေ့ရှိရသည်။
၎င်းအမိန့်စာကို “စစ်မိန့်ပေးခြင်း”ဟုခေါင်းစဉ်တပ်ထားပြီး ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ကံပိုင်တည်ဒေသမှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် မြေတစ်လက်မတိုင်းကို ကာကွယ်ရန် ခုခံစစ်ဆင် တိုက်ခိုက်ကြရန် အမိန့်ပေးအပ်သည်ဟု ပါရှိသည်။
ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်ထုတ်ပြန်ချက်ပြီးနောက်ပိုင်း KIA နှင့် ပူးပေါင်းအဖွဲ့များသည် ဇွန်လ ၁၂ ရက်နေ့က ဝိုင်းမော် – ကန်ပိုင်တည် ဆက်သွယ်ရေးလမ်းကြောပေါ်ရှိ စခန်း ၁၁ ခုနှင့် ဇွန်လ ၁၃ ရက်နေ့တွင် ဝိုင်းမော် – ချီဖွေ သွားလမ်းပေါ်မှ ဆနီခူးတပ်စခန်း ၂ ခုတို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသည် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်းဆောင်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သော အဖွဲ့ဖြစ်သည်။