ရှမ်းပြည်နယ်မြောက်ပိုင်း လွတ်မြောက်နယ်မြေက လူသတ်သမားအန္တရာယ်
14 June 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် မတ်လမှ မေလအထိ (၃) လအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် သေဆုံးသူ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ဆုံးရှုံးသွားသူနှင့် ဒဏ်ရာရရှိခဲ့သူများ အနည်းဆုံး (၂၄) ဦးရှိခဲ့သည်ကို Kachin Waves ၏ စောင့်ကြည့်မှတ်တမ်းအရ တွေ့ရသည်။
သေဆုံးသူ (၅) ဦး ရှိခဲ့ပြီး၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ဆုံးရှုံးခဲ့သူနှင့် ဒဏ်ရာရရှိခဲ့သူ (၁၉) ဦး ရှိခဲ့သည်။ ၎င်းတို့ထဲမှ (၈) ဦးသည် အမျိုးသားများဖြစ်ပြီး၊ (၁၆) ဦးသည် အမျိုးသမီးများ ဖြစ်ကြသည်။ အဆိုပါ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် သေဆုံးသူ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ဆုံးရှုံးခဲ့သူနှင့် ဒဏ်ရာရရှိခဲ့သူ (၂၄) ဦးတွင် အသက် (၁၈) နှစ်အောက် တစ်ဦး၊ အသက် (၁၆) နှစ်အောက် ကိုးဦးတို့ ပါဝင်ခဲ့သည်ကို ဆန့်စစ်တွေ့ရှိရသည်။
ထူးခြားချက်အနေဖြင့် စစ်ကျန်လက်နက်များကြောင့် သေဆုံးသူ သုံးဦးတွင် (၁) ဦးမှာ အသက် (၁၆) နှစ်အောက် ကလေးဖြစ်နေသလို၊ ထိခိုက်ခံရသူ ခြောက်ဦးတွင်လည်း (၅) ဦးမှာ အသက် (၁၆) နှစ်အောက်ကလေး ဖြစ်နေသည်ကို တွေ့ရှိရသည်။ မိုင်းကြောင့် ထိခိုက်ခံရသူများတွင် အသက်အငယ်ဆုံး (၇) နှစ်ဖြစ်ပြီး စစ်ကျန်လက်နက်များကြောင့် ထိခိုက်ခံရသူများတွင် အသက် (၉) နှစ်အရွယ်ကလေးသည် အငယ်ဆုံး ဖြစ်ပါသည်။
အဆိုပါ သေဆုံးမှုနှင့်ထိခိုက်မှု ဖြစ်ပွားမှုဖြစ်စဉ်များကိုကြည့်လျှင် အရပ်သားပြည်သူများက ဟင်းသီးဟင်းရွက် သွားခူးစဉ်ဖြစ်ပွားခြင်း၊ စိုက်ခင်းခြံသွားနေစဉ်ဖြစ်ပွားခြင်း၊ ကောက်ရသည့် စစ်ကျန်လက်နက်များကို ဆော့ကစားနေစဉ်ဖြစ်ပွားခြင်း၊ စစ်ကျန်လက်နက်များကို ထုရိုက်နေစဉ်ဖြစ်ပွားခြင်းနှင့် မတော်တဆ နင်းမိခြင်း ရိုက်မိခြင်းများကြောင့် ပေါက်ကွဲလာ၍ သေဆုံးမှုနှင့် ထိခိုက်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များ ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သော စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့၌ ဟိုင်ဂင်သဘောတူညီချက်ဖြင့် စစ်ဆင်ရေးအဆုံးသတ်ခဲ့သည်။ ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ သိန္နီ၊ နမ့်ဆန်၊ နမ်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ ဟိုပန် မြို့နယ်များကို စစ်ကောင်စီလက်လွှတ်ခဲ့ရသည်။ ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီကြား ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအထိ မဘိမ်းနှင့် မိုးမိတ်မြို့နယ်များတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ်အတွင်း နေရာအချို့တွင်လည်း စခန်းသိမ်းတိုက်ပွဲများ ရှိခဲ့သည်။
သို့ဖြစ်၍ အထက်တွင် ဖော်ပြခဲ့သော မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် သေဆုံးမှု၊ ထိခိုက်မှုများသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေ တစ်နည်းအားဖြင့် လွတ်မြောက်နယ်မြေအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များဖြစ်သည်။
▪︎ မေလအတွင်း ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ဆက်နွယ်နေသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများ
▪︎ ကချင်ပြည်နယ် (သေဆုံးသူအရေအတွက်)
သေဆုံးခဲ့ရသူအရပ်သားတွေနှင့် ၎င်းတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းများ။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၂) ဦး၊
▪︎ တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ (၂) ဦး၊
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၁၀) ဦး၊
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသူ (၃) ဦး၊
အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ မိုးမောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ ဖြစ်သည်။
▪︎ ကချင်ပြည်နယ် (ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုများ)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှု ဖြစ်ပွားခဲ့ရသော အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ (၂) ဦး၊
▪︎ တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် ထိခိုက်ခံရသူ (၅) ဦး၊
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံရသူ (၂၁) ဦး၊
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရ၍ ထိခိုက်ခံရသူ (၂၂) ဦး၊
▪︎ စစ်ကျန်လက်နက်ကြောင့် ထိခိုက်ခံရသူ (၁) ဦး၊
လလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်မှုဖြစ်စဉ် (၂) ခု၊
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပစ္စည်းဥစ္စာထိခိုက်မှု ဖြစ်စဉ် (၂) ခု၊
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ထိခိုက်မှုဖြစ်စဉ် (၂) ခု၊
▪︎ လူသားဒိုင်းအဖြစ် အသုံးချသည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ် (၂) ခု၊
▪︎ အရပ်သား ပစ္စည်းဥစ္စာအား သိမ်းဆည်းသည့် ဖြစ်စဉ် (၂) ခု၊
အဆိုပါဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ မံစီ၊ မိုးမောက်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်နှင့် ပူတာအို မြို့နယ်များ ဖြစ်သည်။
သေနတ်ဖြင့် ပစ်သတ်ခံရ၍ ထိခိုက်ခံရသူ (၂၂) ဦး၏ ဖြစ်စဉ်မှာ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ခမရ (၃၂၁) တပ်စခန်းသိမ်း တိုက်ပွဲကြောင့် ပိတ်မိခဲ့သည့် ပြည်သူများကို KIA နှင့် စစ်ကောင်စီတပ်ကြား သတင်းပေးပို့ပြီးနောက် ထွက်လာစေခဲ့ရာ ဝိုင်းမော်မြို့အဝင် ခါးရှီ(ခရှီ)ရွာအရောက်၌ စစ်ကောင်စီစစ်သားများက ပစ်ခတ်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။
▪︎ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (သေဆုံးသူအရေအတွက်)
သေဆုံးခဲ့ရသူ အရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသော အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ စစ်ကျန်လက်နက်ကြောင့် သေဆုံးသူ (၂) ဦး
လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် (၁၄) နှစ်အရွယ် ရှင်ကုမာရ က အုတ်ခဲသွားသယ်စဉ် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းကို ကောက်ယူလာပြီး လက်တွန်းလှည်းတွင် ထုခွဲကြည့်ရာမှ ပေါက်ကွဲ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ နောက်တစ်ဦးမှာ စစ်ကျန်လက်နက်တစ်မျိုးကို ပျဉ်ပြားဖြင့်ရိုက်ကြည့်ရာမှ ပေါက်ကွဲလာ၍ သေဆုံးခဲ့သည်။
▪︎ ရှမ်းပြည်နယ်မြောက်ပိုင်း (ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုများ)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှုများ ဖြစ်ပွားခဲ့ရသော အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ခံရသူ (၂) ဦး
▪︎ စစ်ကျန်လက်နက်ကြောင့် ထိခိုက်ခံရသူ (၆) ဦး
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရ၍ ထိခိုက်ခံရသူ (၁) ဦး
နမ်ခမ်း၊ ကွတ်ခိုင်နှင့် သိန္နီမြို့များတွင် ဖြစ်ပွားခဲ့ပြီး၊ ကွတ်ခိုင်မြို့တွင် စစ်ကျန်လက်နက် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု၌ အသက် (၉) နှစ်မှ (၁၄) နှစ်ကြား ကလေးငါးဦး တစ်ပြိုင်တည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုတင်ပြထားသည့် လူ့အခွင့်အရေး အချက်အလက်များသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းများကို တင်ပြနေသည့် သတင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များနှင့် မြေပြင်သတင်းအချက်အလက် စုဆောင်းမှုများမှရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါသည်။