ဝိုင်းမော်မြို့နယ်ထဲက စကစ စခန်းပေါင်း (၁၁) ခုကို KIA နဲ့ ပူးပေါင်းတပ်တို့ ထပ်မံသိမ်းပိုက်ပြီး၊ စုစုပေါင်း ၃၅ ခု သိမ်းပိုက်ထား
12 June 2024 – Kachinwaves
ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့က ဝိုင်းမော်နဲ့ ကန်ပိုင်တည်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၁၁ ခုကို သိမ်းယူနိုင်ခဲ့တဲ့အပြင် ဆဒုံးမြို့ကိုပါ ထိန်းချုပ်ထားကြောင်း သိရပါတယ်။
စခန်း ၁၁ ခုအနက် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ်တောင် (Bum Tawng) စခန်း၊ ဆဒုံးဗျူဟာကုန်း၊ လဖိုင် (Lahpai Mare) တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်စခန်းများဖြစ်သည့် ၁၉ မိုင်ဂိတ်၊ အင်ဝမ်ယန် (Nwan Yang) BGF စခန်း၊ ရေတံခွန် (Langnai Hkarum) တပ်စခန်း၊ လုဂျီ (Lu Gyi) စခန်း ၊ ဝူရော်တောင် (Wuraw Bum) စခန်း၊ နာရူကောင် (Na Ru Kawng) နဲ့ ဂေါ့နန် (Gaw Nan) စခန်းတွေကတော့ စခန်းမှာ အထိုင်ချတဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် သိမ်းဆည်းရမိခဲ့တာလို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
အစောဆုံးသိမ်းပိုက် လိုက်နိုင်တဲ့ ၁၃ မိုင် စုပေါင်းဂိတ်စခန်းဟာ ဝိုင်းမော်အထွက်၊ ဝါးရှောင်ကျေးရွာနားက ဂိတ်စခန်းဖြစ်ပါတယ်။ အဆိုပါဂိတ်ကနေ ဘယ်ဘက်လမ်းကြောင်းအတိုင်းသွားရင် ချီဖွေမြို့- ပန်ဝါ – ဆော့လော်မြို့ကို ဆိုက်ရောက်နိုင်ပြီး၊ ညာဘက်လမ်းအတိုင်း သွားလာမယ်ဆိုရင် တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တည်ရှိတဲ့ ကန်ပိုင်တည်မြို့ကို ရောက်ရှိပါတယ်။
အဆိုပါလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာဖူးသူတွေက ကချင်အထူးဒေသ ၁ ထဲတည်ရှိတဲ့ ကူးသန်းသွားလာရေးလမ်းကြောကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်လိုက်နိုင်တဲ့ သဘောဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာရှိတဲ့ ဆဒုံးမြို့ကို ထိန်းချုပ်ထားတဲ့ ဆဒုံးဗျူဟာကုန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ဆဒုံးမြို့ကိုပါ KIA က အလိုအလျောက် ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။
မေလကနေ မနေ့ကအထိ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေရဲ့ စခန်းအကြီးအသေးပေါင်း (၃၅) ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး၊ ဝိုင်းမော်မြို့စောင့်တပ်အဖြစ် ရဲစခန်းနဲ့ ခလရ (၅၈) တပ်ရင်းသာ ကျန်ရှိနေတာကို တွေ့ရပါတယ်။