စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် CDM ကျောင်းဆရာမတစ်ဦး သေဆုံးပြီး၊ အရပ်သား ၂ ဦးဒဏ်ရာရ
12 June 2024 – Kachinwaves
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသည်ဟု ကင်းထောက်မြေပြင်သတင်း-ဝက်လက် အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ရွာသာယာပျူစောထီးစခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ထုံးကြီးရွာကို သံခွံမော်တော်ဖြင့် ရိက္ခာရှာထွက်ချိန် နယ်မြေခံ ပကဖအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ပြီးနောက် ထုံးကြီးရွာအရောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သောကြောင့် ပြည်သူထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်း-ဝက်လက်အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“မနေ့ မနက်ခင်းက ရွာသာရွာ ပျူစောထီးရွာက စစ်အုပ်စုနဲ့ ပျူစောထီးတွေ သံခွန်နဲ့ ရိက္ခာရှာထွက်တာ အဲ့မှာ ပကဖတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တာပဲ။ စစ်အုပ်စုက ထုံးကြီးရောက်တော့ လက်နက်ကြီးနဲ့ ပစ်တာပဲ။ ဒီကောင်တွေက ကျေးရွာတွေကို အမြဲလိုလို လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။”ဟု ဆိုသည်။
စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီးကျည်မှာ စဉ့်ကူးမြို့နယ်တောင်ဘက်၊ ဧရာဝတီမြစ်၏ အနောက်ဘက် သာယာဝတီအုပ်စု၊ ထီးကုန်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ၎င်းရွာမှ အသက် ၃၀ နှစ်ကျော်အရွယ် CDM ကျောင်းဆရာမ ဒေါ်မေဇင်ဝင်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းဧရာဝတီအနောက်ကမ်းရှိ ကျေးရွာများအား ထုံးကြီးရွာ စစ်ကောင်စီရဲစခန်းမှ အမြဲလိုလို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။