VPN အကြောင်းပြုပြီး ဖမ်းဆီးငွေညှစ်မှု မြစ်ကြီးနားမှာရှိလာ
13 June 2024 – Kachinwaves
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ မနေ့ကစပြီး VPN ထည့်ထားတဲ့ဖုန်းကိုင်ဆောင်သူတွေကို ဖမ်းဆီးမှုတွေပြုလုပ်လာတယ်လို့ သိရပါတယ်။
မနေ့က ညဦးပိုင်း အေးစေတီရပ်ကွက်အဝိုင်းပတ်နားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖြတ်သန်းသွားလာသူတွေထံက ဖုန်းတွေစစ်ဆေးပြီး VPN ထည့်ထားတဲ့ ဖုန်းပိုင်ရှင်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖြစ်စဉ်နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“မကနမှာလည်း VPN စစ်နေပြီ။ တွေ့ရင်ဖမ်းပြီး ပိုက်ဆံနဲ့ရွေးရတယ်တဲ့ လူကို။ လမ်းသွားလမ်းလာတွေကို အရင်တုန်းက မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) ဖမ်းသလိုမျိုး။”
မနေ့ညက ဖမ်းဆီးခံလိုက်ရတဲ့သူအတွက် ငွေကျပ်နှစ်သိန်း ဒဏ်ကြေးအဖြစ် ပေးဆောင်မှသာ ဖမ်းဆီးခံရသူတွေကို လွတ်ပေးတယ်လို့ သိရပါတယ်။
VPN ဆော့ဝဲလ်တစ်ခုတွေ့ရင်ထောင် (၃) နှစ် ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုပြီး ပြောဆိုခြိမ်းခြောက်မှုတွေလည်းရှိခဲ့ကြောင်း သိရပါတယ်။
ဖုန်းဟမ်းစက်ထဲ VPN ထည့်သွင်း အသုံးပြုသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီကြေညာပြီးနောက်ပိုင်း မေလ ဒုတိယအပတ်ကနေစပြီး မြန်မာနိုင်ငံမြို့ကြီးအချို့မှာ စစ်ေကာင်စီက ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်လာတာဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့မှာ မနေ့ကစပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ်က ရွှေညောင်ပင် ခမရ (၃၂၁) တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ညမထွက်ရအမိန့် ချမှတ်ထားသလို ရှောင်တခင်စစ်ဆေးမှုတွေကို စစ်ကောင်စီက မြို့အနှံ့မကြာခဏ ပြုလုပ်လာေကြာင်း သိရပါတယ်။