မိုးညှင်းမြို့နယ် မော်ဟန်ဘက်တွင် လက်နက်ကိုင်ဆောင်ပြီး ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားနေသည်ဟုဆို
11 June 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက မော်ဟန်ရွာတွင် နေအိမ်နှင့် ကုန်တင်ကားများ ဓားပြတိုက် လုယက်ခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများခံများမှ သိရသည်။
ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်ကလည်း လက်နက်ကိုင်ထားသည့် လူအယောက် ၂၀ ခန့်က မော်ဟန်ရွာအပြင်ဘက်ရှိ ကားဝပ်ရှော့တစ်ခုနှင့် နေအိမ်တစ်လုံး၌ ဝင်ရောက်ဓားပြတိုက်သွားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“မော်ဟန်ကားလမ်း တောင်ဆင်းနေရာမှာ ကျောက်စိမ်းဘုရားနားမှာ တိုက်ကလေးတွေရှိတယ်။ ကားဝပ်ရှော့တွေ ရှိတယ်။ အဲ့မှာတိုက်ခံရတာ။ ပထမက ကားဝပ်ရှော့မှာ တိုက်နေတာ၊ အဲ့တာကို အဲ့ဒီတစ်အိမ်ကျော်က သေးပေါက်ထတာနဲ့ သေးပေါက်ထတာဆိုတော့ကွယ် ဓာတ်မီးလေး ဟိုထွန်းဒီထွန်းပေါ့။ အဲ့တာ အဲ့အိမ်ကိုပါ ဆက်တိုက်တာ ရွှေတိုရွှေဆအကုန်လုံးနဲ့ ပိုက်ဆံ ၇ သိန်း ပါသွားတယ်။”ဟု ရွာသားတစ်ဦးက ဆိုသည်။
ဓားပြတိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက လာဝိုင်းစဉ် ဓားပြများက အောက်ဘက်သို့ ထွက်ပြေးသွားသည့်ပုံစံ အယေင်ပြပြီး တော်လှန်ရေးအဖွဲ့က အောက်ဘက်သို့ ဆက်လိုက်ချိန် ကြက်ခြံကို ထပ်မံဓားပြတိုက်ခဲ့သည်ဟုလည်း ပြောပါသည်။
ဇွန်လ ၇ ရက်နေ့ကလည်း မော်ဟန်နှင့် နန့်စီးအောင်ရွာကြားတွင် လက်နက်ကိုင်ထားသည့် အယောက် ၂၀ ခန့်က ကားပျက်နေပြီးရပ်နေသည့် ကုန်ကားနှစ်စီးထံမှ ပိုက်ဆံသိန်း ၇၀ ခန့် ဓားပြတိုက်ယူသွားခဲ့ကြောင်းလည်း ဓားပြတိုက်ခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကုန်တင်ကား ၂ စီးပေါ့။ ကျွန်တော်တို့ရဲ့ အသိကားပါ။ သူတို့ကားက မော်ဟန်နဲ့ နန့်စီးအောင်ကြားမှာ ပျက်နေတာ၊ အဲ့တာကို ဓားပြတွေကလာပြီး မင်းတို့ပိုက်ဆံမပေးရင် ကားမီးရှို့မယ်ဆိုပြီး ပြောတာ။ လူတွေကိုလည်း ကြိုးတုတ်ပြီးရိုက်နှက်တာပေါ့။ အဲ့တာနဲ့ ကားသမားက ညှိပြီးတော့ ကားပိုင်ရှင်က ၆၅ သိန်း ကုန်သည်က ၁၄ သိန်းပေးလိုက်ရတယ်။”ဟု ဆိုသည်။
ပြီးခဲ့တဲ့ မေလလောက်ကလည်း မော်ဟန်တောင်တက်မှာ ပျက်နေသည့်ကုန်ကားတစ်စီးကို လက်နက်ကိုင်ထားသော လူ ၅ ဦးက ဓားပြတိုက်မှု ဖြစ်ခဲ့ကြောင်းလည်း ဒေသခံအမျိုးသမီးက ပြောသည်။
“အဲ့ဒီမှာ ကားကြီးတစ်စီးက ပျက်နေတာ။ အဲ့တာကို လက်နက်ကိုင်ထားတဲ့ လူ ၅ ယောက်က ဓားပြတိုက်တာပေါ့။ အဲ့အချိန်က ညဆိုတော့ လူခြေတိတ်ပြီလေကွာ။ အဲ့ဒီမှာ ကားသမားဆီက ပိုက်ဆံတွေပါသမျှ အကုန်တောင်းတာ ဖုန်းပါတောင်းတော့ ဖုန်းထဲမှာ KPAY မြင်တာနဲ့ ကားသမားရဲ့ အုံနာကို ဖုန်းလှမ်းဆက်ခိုင်းပြီး ပိုက်ဆံ သိန်း ၂၀ ထပ်လွှဲခိုင်းပြန်တယ်။”ဟု ဆိုသည်။
ဒေသခံပြည်သူများကတော့ အဆိုပါ လက်နက်ကိုင်ထားပြီး ဓားပြလိုက်တိုက်သူများမှာ ဟုမ္မလင်းနှင့် ဗန်းမောက်ဘက်မှ ရောက်နေသည့် ပြည်သူ့စစ်များဖြစ်ကြောင်း ပြောဆိုကြသော်လည်း Kachinwaves အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။