စကစ က မော်လိုက်တွင် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီးပေးသည့် စစ်သင်တန်း တတိယအသုတ် ထိရှိလာ
4 June 2024 Kachinwaves
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေပြီး စစ်သင်တန်းပေးနေသည်ဟု မော်လိုက်ဒေသခံတစ်ဦးက ပြောသည်
စစ်မှုထမ်းရန် တပ်သားသစ် လိုက်လံဖမ်းဆီးမှုကို မတ်လ ၁၄ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး ယခု ၆ လ ပိုင်းအထိဆိုလျှင် တတိယအသုတ်ရှိနေပြီဖြစ်ကြောင်း မော်လိုက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တပ်သားသစ်များစုဆောင်းရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်များမှ ရပ်ကွက်တစ်ခုစီနှင့် တစ်ရွာစီလျှင် ၃ ယောက်မှ ၅ ယောက်အထိ ခေါ်ယူခဲ့ပြီး ရပ်ကွက်ရုံး၌ ဖောင်ဖြည့်ကြရသည်ဟု ပြောသည်။
“စကစမှ စစ်မှုထမ်းဥပဒေဟု အဓမ္မလူစုဆောင်းတာဟာ မတ်လ ၁၄ ရက်ကနေ့စ စုဆောင်းနေတာပါ။ အခု ၆ လပိုင်းထိဆို ၃ ကြိမ်ခေါ်ယူခဲ့ပြီးပြီ။ အခုထိလည်း ခေါ်နေဆဲပဲဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ မော်လိုက်မြို့ပေါ် လူငယ်စာရင်း စကောက်တယ်။ ၁၅ ရက်နေ့မှာ မြို့နယ်ထွေအုပ်ရုံးမှာ ဖောင်ဖြည့်ကြရပါတယ်။ မော်လိုက်နယ်ရွာတွေမှာ မတ်လ ၁၈ ရက်နေ့မှာ စတင်စာရင်းကောက်ပြီး တစ်ရွာစီရက်ခွဲပြီးတော့ ဖောင်ဖြည့်ဆိုပြီး မော်လိုက် မြို့ပေါ်သွားရတယ်။ စာရင်းပါလူငယ် ကိုယ်တိုင်မရှိရင် မိသားစုဝင်တစ်ဦး လိုက်ပါဖောင်ဖြည့်ရပါတယ်။”ဟု မော်လိုက်ဒေသခံက ဆိုသည်။
စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ခေါ်ဆောင်ရာတွင် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး စစ်မှုထမ်းရန်စာရင်းရှိပြီး နေအိမ်၌ မရှိနေလျှင်လည်း မိသားစုဝင်တို့ကို ခြိမ်းခြောက်၍ ပြန်လည်ခေါ်ခိုင်းသည်ဟု ပြောသည်။
“ခေါ်မယ့်လူငယ် အိမ်မှာမရှိ အပြင်ခနထွက်တယ်ဆိုရင် အိပ်ပြီးတော့ကို စောင့်တယ်။ အိမ်တွေကို အဝင်အထွက်ချောင်း ဝိုက်ပြီးတော့ဖမ်း၊ ဘုရားရှိခိုးရင်းဆွဲ၊ မသာပို့သင်္ချိုင်းအတွင်းဆွဲ၊ အလုပ်အသွားပြန် သူတို့ (စကစ) ဂိတ်ဖြတ်ရင်လည်း လူငယ်တွေကို ဆွဲခေါ်ကြပါတယ်။ တစ်ချို့မလိုက်လို၍ နေအိမ်မှရှောင်နေရင်လည်း တစ်ပတ်တွင်ပြန်ခေါ်ပေါ့နော်။ မခေါ်ရင် မိဘတွေ ဖမ်းခေါ်မယ်လို့ ပြောတယ်။ တချို့မိသားစုလိုက်ရွာကနေ ထွက်ရှောင်သူတွေကိုလည်း ၃ လတွင်း အိမ်ပြန်လာဖို့ခေါ်တယ်။ ၃ လတွင်းခေါ်နေချိန် မပြန်လာဘူးဆိုရင် နေအိမ်ချိပ်ပိတ်ပြီး ပိုင်သမျှသိမ်း၊ တွေ့တဲ့နေရာသတ်မယ်လို့ ပြောတယ်။ မသတ်ရင်လည်း နောင်တချိန်ရွာပြန်လာရင် ထောင်ချမယ်။ ၃ နှစ်စစ်မှုထမ်းရမယ်။”ဟု မော်လိုက်ဒေသခံကပဲ ပြောပါသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသော လူငယ်များအား ကလေးမြို့ အမှတ် (၁၀) စစ်လေ့ကျင့်ကျောင်းသို့ ပို့ဆောင်ပြီး ဧပြီလ ၂၆ ရက်နေ့တွင် ပထမအကြိမ် ကား ၅ စီးဖြင့် အင်အား ၈၀ ခန့် ပို့ဆောင်ခဲ့ပြီး၊ မေလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ကား ၄ စီးနှင့် အင်အား ၅၀ ခန့် ပို့ဆောင်ကာ ဇွန်လ ၁ ရက်နေ့မှာတော့ ကား ၃ စီးနှင့် အင်အား ၇၀ ခန့် ပို့ဆောင်ခဲ့ကြောင်းလည်း ပြောသည်။
မော်လိုက်မြို့နယ်တွင် စစ်ကောင်စီမှ လူငယ်များအား တပ်သားသစ်စုဆောင်းနေဆဲဖြစ်ပြီး မထည့်လိုသူမိသားစုများမှ တစ်ဦးလျှင် ၁၂၅ သိန်းမှ ၁၇၀ အထိ ပေးဆောင်ကာရွေးယူနေရကာ လူစားငှားထည့်ရန် သွေးစစ်အောင်ပါက ၁၀၀ ကျော် ပေးရသလို မအောင်လျှက် သိန်း ၆၀ ထိ ပေးငှားရသည်ဟု သိရသည်။