စကစ ၏ လက်နက်ကြီးကြောင့် သရောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦးထိခိုက်
4 June 2024 Kachinwaves
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက သရောင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးထိခိုက်ခဲ့ကြောင်း နယ်မြေခံ တော်လှန်ရေး ရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဝှေကြိုင်းရွာအနီးရှိ တောင်ခြေမှာ တပ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က (၁၂၀) မမ လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည့်အတွက် သရောင်းရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါနယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“သရောင်းရွာ မဟာစည်ရိပ်သာ ဝန်းအတွင်းကို တစ်လုံး၊ ရိပ်သာကျောင်းရဲ့အရှေ့ဘက်ကို တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ဈေးဝယ်လာတာနဲ့ကြုံလို့ အထိခိုက်တွေနဲ့ သေဆုံးတာတွေရှိပါတယ်။”ဟု ဆိုသည်။
အဆိုပါ လက်နက်ကြီးကြောင့်ပဲ သရောင်းရွာမှ အသက် (၇၇) နှစ်အရွယ် ဒေါ်ကျော်ဆိုသူ အမျိုးသမီးသေဆုံးကာ မဟာစည်သာရိပ်သာကျောင်းမှ အသက် (၃) အရွယ် ကိုရင်ကြီးတစ်ပါး၊ နောင်ဆွပ်ခါရွာမှ ဈေးဝယ်လာတဲ့ (၇) နှစ်အရွယ် ယောက်ကျာ်းလေးတစ်ဦးနှင့် မင်းယာရွာမှ ဈေးဝယ်လာတဲ့ အသက် (၇) နှစ်အရွယ်နှင့် (၄၀) နှစ်အရွယ် သားအမိနှစ်ဦး စုစုပေါင်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှာပဲ ဖောင်းပြင်မြို့နယ်ထဲက ညောင်ကုန်းနဲ့ အင်းဝိုင်းရွာကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တစ်ရက်ထဲနဲ့ (၃) ကြိမ်ပစ်ခတ်ခဲ့ကြောင်းလည်း ပြောသည်။
“ထိတွေ့မှု ဖြစ်နေတာတော့ ရှိတယ်ပေါ့နော်။ ၁၁ နာရီ ၅၈ မိနစ်လောက်မှာ တံတားဦးတက် ဂျက်ဖိုက်တာနဲ့ ဗုံး (၄) လုံးချခဲ့တယ်။ ၁၂ နာရီ ၈ မိနစ်မှာ ဟုမ္မလင်းတက် Mi-35 နဲ့ ဒုတိယအကြိမ် ထပ်ကြဲခဲ့တယ်။ ညနေပိုင်း ၆ နာရီ ၁၅ နဲ့ ၃၀ မိနစ်တို့မှာလည်း တံတားဦးတက် ဂျက်ဖိုက်တာနဲ့ တတိယအကြိမ် ထပ်ကြဲလာခဲ့တယ်။ အထိခိုက်တော့ မရှိခဲ့ပါဘူး။”ဟု ဆိုသည်။
မေလ ၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီဘက်မှ တံတားဦးတက် ဂျက်ဖိုက်တာဖြင့် သရောင်းရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဈေးနှင့် နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့သေးသည်။