မတောရွာက မင်္ဂလာပွဲ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးအပါအဝင် သေဆုံးသူအယောက် ၃၀ ကျော်ရှိလာ
4 June 2024 Kachinwaves
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက မတောရွာရှိ ပကဖအဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၃ ဦးထိရှိကြောင်း မင်းကင်းမြို့နယ် ဒေသခံတစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၃ ရက်နေ့က နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် မင်္ဂလာအခမ်းအနားကျင်းပနေစဉ် တံတားဦးမှတက်သည့် ဂျက်ဖိုက်တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သဖြင့် အကျွေးအမွေးချက်ပြုတ်ရာ စားဖို့ဆောင်နှင့် ဧည့်ခံရာ အဆုံနေရာ၌ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသေအပျောက် များသွားသည်ဟု မင်းကင်းဒေသခံက ပြောသည်။
“ကျွန်တော်တို့ ကျေးလက်ဒေသအရ ထမင်းစားရုံရယ်၊ ဧည့်ခံရုံရယ်၊ ထမင်းချက်ရုံရယ် ရှိတာပေါ့နော် အခုက ထမင်းချက်ရုံနဲ့ အကျွေးအမွေး ဧည့်ခံရုံကြားကို ကျလိုက်တော့ အသေအပျောက်တွေ တအားကြီး များသွားတယ်ဗျ။”ဟု ဆိုသည်။
စစ်ကောင်စီ၏ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦး၊ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ပါဝင်ပြီး စုစုပေါင်း အရပ်သားပြည်သူ ၃၂ ဦးသေဆုံးခဲ့ပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများသည် မတောရွာဝန်းကျင် ရွာ ၅ ရွာမှ ဒေသခံပြည်သူများဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ကျွန်တော်က လေယာဉ်နဲ့ ကြဲပြီး ၁၅ မိနစ်လောက်မှာ ရောက်သွားတာ၊ ရောက်ရောက်ချင်းပဲ ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်၊ အလောင်းတွေ မရွှေ့ပေါ့နော်။ ရောက်ရောက်ချင်း မြင်ကွင်းက သစ်ပင်တွေလည်းလှဲပြီး လူတွေကိုလည်း ပိနေတာ။ လူတွေကလည်း ခေါင်းတွေလည်းပြတ်၊ ခါးတွေလည်း ပြတ်နဲ့ပေါ့။ မြင်ရက်စရာကိုမရှိဘူး။ ကူပါ၊ ကယ်ပါနဲ့ အော်နေကြတာဗျာ။ တစ်စစီလိုက်ကောက်ခဲ့ရတယ်။”ဟု ဆိုသည်။
ထိခိုက်သူများထဲတွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၂၄ ဦးထိရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင်ခဲ့သော်လည်း ဆေးဝါးလုံလောက်မှုမရှိသည့်အတွက် သွေးထွက်လွန်ပြီး သေဆုံးသွားသူရှိသလို၊ ဒဏ်ရာပြင်းထန်သူတို့ သေဆုံးမှုရှိနေ၍ သေဆုံးစာရင် ထပ်တိုးလာနိုင်ကြောင်း ပြောသည်။
လေကြောင်းပစ်ခတ်ခံရသော မတောရွာမှ သေဆုံးသူများမှ အမည်စုံစမ်းဆဲ ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အမည်စုံစမ်းဆဲ ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ မဇင်မာသူ ၁၀ နှစ်၊ မဇင်မာလင်း ၁၅ နှစ်၊ စိုင်းချစ်အောင် ၁၁ နှစ်၊ ဖြိုးဇာနည် ၁၆ နှစ်၊ မခင်ထွေးကြည် ၂၃ နှစ်၊ သားဖြစ်သူ ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး၊ ကိုကျော်ကျော်ဦး ၂၆ နှစ် ဝန်းကျင်၊ ယဉ်မင်းသူ ၂၈ နှစ်၊ ကိုလင်းဇော် အသက် ၂၀ နှစ်ကျော် (CDM ကျောင်းဆရာ)၊ ကိုဇင်ကိုဦး အသက် ၂၀ နှစ်ကျော်၊ ကျော်မင်းထွဋ် အသက် ၃၀ နှစ်ကျော်၊ ကိုမင်းသူ ၃၀ နှစ်ကျော်၊ ကိုအေးသိန်း အသက် ၄၀ နှစ်ကျော်၊ ဦးဆွေဇင်ဦး အသက် ၅၀ နှစ်ကျော်၊ ဒေါ်ခိုင်မျိုးကြည်၊ မောင်ကျော်သူရ၊ ကိုမင်းမင်း အသက် ၅၀ နှစ်ကျော်၊ ဒေါ်ရွှေကြည် အသက် ၅၀ နှစ်ကျော်၊ မစန်းနွဲ့ အသက် ၅၀ နှစ်ကျော် (အုန်းပင်ပိသေဆုံး)၊ ဒေါ်မိခန့် အသက် ၅၀ နှစ်ကျော်၊ ဒေါ်ကြည်စန်း အသက် ၅၀ နှစ်ကျော်၊ အမည်မသိ ပြည်သူတစ်ဦး၊ ယုံသာရွာက ဦးမောင်ကြီး၊ မစုစံ၊ ဖိုးလပြည့် အသက် ၈ နှစ်၊ ကျွန်းတောရွာက ဒေါ်မြရင်၊ ပြင်းပင်မော်ရွာက ပြည်သူ ၁ ဦး၊ ပုထိုးလုံးရွာက ဒေါ်ညွန့်ကြည် အသက် ၆၀ နှစ်ကျော်တို့ ပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ ပအဖရုံးဖွင့်ပွဲအခမ်းအနားကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၂၀၂၄ မေလ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းတွင် ပြည်သူ ၆ ဦသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သလို မေလ ၁၁ ရက်နေ့မှာပင် မြင်းမူမြို့နယ်ထဲက လက်ထုတ္တောကျေးရွာရှိ ပြည်သူ ၃၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ ဖောင်းပြင်မြို့နယ် အင်းဝိုင်းရွာမှာလည်း မေလ ၁၇ ရက်နေ့က ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့သေးသည်။