ကလေးခရိုင်က တပ်ရင်း ၃ ခုကိုပေါင်းစည်းပြီး အမှတ် (၁၆) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း
2 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ကလေးခရိုင်တပ်ရင်း (၃) ခုကိုပေါင်းစည်းလိုက်ပြီး ကလေးခရိုင် အမှတ် (၁၆) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြောင်းလဲဖွဲ့စည်းလိုက်သည့် ကလေးခရိုင်၊ အမှတ် (၁၆) တပ်ရင်းသည် ကလေးခရိုင်၏ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းတစ်လျှောက် ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် ကလေးခရိုင် အမှတ် (၂) တပ်ရင်း၊ အမှတ် (၅) တပ်ရင်းနှင့် အမှတ် (၆) တပ်ရင်းတို့ကို စုပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တစ်စုတစ်စည်းတည်း စုစည်းနိုင်မှ စစ်အာဏာရှင်ကို တွန်းလှန်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက သိရှိနားလည်သည့်အတွက် ပေါင်းစည်းကြခြင်းဖြစ်သည်ဟု အသစ်စုစည်းလိုက်သည့် အမှတ် (၁၆) တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပေါင်းစည်းရတဲ့အကြောင်းရင်းက အားလုံးစည်းလုံးညီညွတ်ပြီး တစ်စုတစ်စည်းတည်း စစ်အာဏာရှင်ကို တွန်းလှန်နိုင်မှ ဒီတော်လှန်ရေးက အမြန်ပြီးဆုံးလိမ့်မယ်ဆိုတာ တပ်မှူးတွေနဲ့ အရာရှိပိုင်းတွေက နားလည်သဘောပေါက်ကြတဲ့အတွက် ပေါင်းစည်းခဲ့ကြတာဖြစ်တယ်ဗျ။”ဟု ဆိုသည်။
အဆိုပါ တပ်ရင်းများသည် ကလေးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဒေသတပ်ရင်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်း (၁၀) ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။