ဖားကန့်မြို့မှာ တိုက်ပွဲပြန်လည် ဖြစ်ပွားလာ
–
ဖားကန့်မြို့ ဆိုင်းတောင်နဲ့ လုံးခင်းလမ်းကြောမှာ ဒီနေ့မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။
ဖားကန့်ဗျူဟာကုန်းကနေ ဆိုင်းတောင် – လုံးခင်းလမ်းဟောင်းပေါ်မှာရှိတဲ့ ဂျန်ကပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံကတစ်ဆင့် သိရှိရပါတယ်။
“မနေ့က ဗျူဟာကုန်းကနေ စစ်သား ၁၀၀ လောက် စစ်ကြောင်းထိုးတယ်တဲ့။ ၁ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ကြတယ်။”
ဒါ့အပြင် စစ်ကောင်စီတပ်က မရှီကတောင်ရပ်ကွက်မှာရှိတဲ့ မြို့ဦးတောရဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကြောင့် ထုံးဘိုနဲ့ စည်ပင်ရပ်ကွက်မှာ နေထိုင်တဲ့သူတွေကို ဒီနေ့ ၁ နာရီမထိုးခင် အပြီးတိမ်းရှောင်ကြဖို့ KIA ဘက်က သတိပေးထားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ဆိုပါတယ်။
“စစ်ကောင်စီက မြို့ဦးတောရ ဘုန်းကြီးကျောင်းနားမှာ တပ်စွဲထားလို့ပါ။ တိုက်ပွဲဖြစ်ခဲ့ရင် ပြည်သူတွေ ထိခိုက်မှာစိုးလို့ပါ။ တပ်စွဲထားတာက ဒီမနက်ပိုင်းကတည်းကပါ။”လို့ဒေသခံက ပြောပါတယ်။
ဖားကန့်ဗျူဟာကုန်းကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ သိရှိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဖားကန့်မြို့ထဲက ထုံးဘိုရပ်ကွက်၊ ယူမာရပ်ကွက်နဲ့ စည်ပင်ရပ်ကွက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။