စစ်ကောင်စီတပ်က ထွက်ခွင့်မပေးပဲ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ပြည်သူ ၁၀၀၀ နီးပါး အစားအသောက် ပြတ်လပ်မှုနဲ့ ဒဏ်ရာကြောင့် သေဆုံးသူတွေရှိလာ
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး မြို့မဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ ပြည်သူတစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က ထွက်ခွင့်မပေးပဲ လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားတာကြောင့် ပြည်သူတွေ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အပြင် ဒဏ်ရာရသူတွေလည်း ဆေးကုသခွင့်မရပဲ သေဆုံးသူတွေရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးနဲ့ နီးစပ်သူထံကနေ သိရပါတယ်။
အင်းတော်မြို့မှာ တိုက်ပွဲစဖြစ်တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကနေ မြို့မဘုန်းကြီးကျောင်းမှာ ထွက်ပြေတိမ်းရှောင်နေတဲ့ ပြည်သူတစ်ထောင်နီးပါး ပိတ်မိနေတာ ၁၉ ရက်ရှိလာပြီလို့ သိရပါတယ်။ ၎င်းတို့ပိတ်မိနေတဲ့ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်ကိုလည်း လက်နက်ကြီးတွေကျလို့ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေထဲ ဘုန်းကြီးတွေ၊ ကိုရင်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါဝင်သလို ဒဏ်ရာရထားတဲ့ ပြည်သူတွေလည်း အများအပြားရှိနေပြီး တစ်ချို့ဆို ဆေးကုသခွင့်မရလို့ သေဆုံးတာတွေရှိနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ထမင်းကလည်း ငတ်သလှည့်၊ ပြတ်သလှည့်ပဲ။ ကျောင်းထိုင်ဘုန်းကြီးတောင် ဆန်ပြုတ်ပဲ ဘုန်းပေးနေရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိတယ်။ ဆေးကုသခွင့်လည်း မရကြဘူး။ ခြေထောက်ကြီး ဖွာထွက်နေတာတောင် ဆေးဝါရည်ထည့်ပြီး ထားရတယ်။ ဒဏ်ရာရတဲ့ထဲ ကလေးတွေလည်း ပါတယ်။ သေတာတော့ နှစ်ယောက်ရှိနေပြီ။”လို့ သိရကြောင်း ပြောပါတယ်။
ဆေးကုသခွင့်မရပဲ သေဆုံးသွားသူတွေဟာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသား ၂ ယောက်ဖြစ်ပြီး၊ ဘုန်းကြီးကျောင်းထဲမှာပဲ မြေမြုပ်သင်္ဂြိုလ်လိုက်ရတယ်လို့လည်း ပြောပါတယ်။
အဆိုပါ ပိတ်မိနေတဲ့ပြည်သူတွေဟာ စစ်ကောင်စီဘက်က ထွက်ခွင့်မပေးတာကြောင့် ပိတ်မိနေကြတာဖြစ်ပြီး ထွက်ပြေးလို့ မိရင်လည်း စစ်သားတွေက ပြန်ဖမ်းခေါ်လာခဲ့တယ်လို့ သိရပါတယ်။
“ထွက်ပြေးလို့မရဘူး။ သူတို့(စကစ)က ထွက်ပြေးလို့မှားပစ်မိရင် တာဝန်မယူဘူးဆိုပြီး ပြောတာ။ ထွက်ပြေးတာ တွေ့တဲ့သူတွေကိုလည်း ပြန်ဖမ်းခေါ်ခဲ့တာပေါ့။ အဲ့တာကြောင့် ဘယ်သူမှ ထွက်မပြေးရဲကြဘူး။”လို့ သိရတဲ့အကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ လွတ်မြောက်လာတဲ့သူတွေဟာ စစ်ကောင်စီစစ်သားတွေ လစ်နေတဲ့အချန် ထွက်ပြေးခဲ့ကြသူတွေဖြစ်ကြောင်း ပြောပါတယ်။
ပိတ်မိနေတဲ့ ပြည်သူတွေဟာ ရိက္ခာပြတ်လပ်တာတွေကြောင့် စစ်သားတွေနဲ့အတူ မြို့ထဲသွားပြီး နေအိမ်တွေထဲက စားစရာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေ သွားရောက် ယူဆောင်နေရကြောင်းလည်း သိရပါတယ်။
လက်ရှိမှာတော့ အင်းတော်မှာ တိုက်ပွဲခဏ ငြိမ်နေပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လာနေတဲ့အတွက် ပြည်သူတွေရှိနေတဲ့ ဘုန်းကြီးကျောင်းထဲကို မှားပစ်မိမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။