ရှမ်းနီပြည်သူ့စစ်တွေရှိနေတဲ့ KTV အခန်းတံခါးမှားဖွင့်မိတဲ့ စစ်ကောင်စီ သစ်တောဝန်ထမ်းတစ်ဦးနဲ့ ပြည်သူတစ်ဦး သတ်ဖြတ်ခံရ
–
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ရှမ်းနီပြည်သူ့စစ်တွေက စစ်ကောင်စီ သစ်တောဝန်ထမ်းတစ်ဦးနဲ့ ပြည်သူတစ်ဦးကို ဓားနဲ့ခုတ်အပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေတဆင့် သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သစ်တောဝန်ထမ်းတစ်ဦးနဲ့ သူငယ်ချင်းဖြစ်သူတို့က ရှမ်းနီပြည်သူ့စစ်တွေ သောက်စားနေတဲ့ KTV အခန်းတံခါးကို မှားဖွင့်မိရာမှ မကျေနပ်လို့ နေအိမ်ထိလိုက်လာပြီး သတ်ဖြတ်ခဲ့တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ရှမ်းနီပြည်သူ့စစ်တွေ ၉ ယောက်လောက် ရှိမယ်။ KTV တံခါးမှားဖွင့်မိတာကို မကျေနပ်လို့ လာသတ်တာ။ သစ်တောဝန်ထမ်းဆိုသူက ရုံးမှာမအိပ်ပဲ နားခါတောင်ရပ်ကွက်က သူ့သူငယ်ချင်းအိမ်မှာ လိုက်အိပ်တာ။ ရှမ်းနီပြည်သူ့စစ်တွေက သစ်တောရုံးမှာ အရင်ရှာတာ မတွေ့လို့ သူအိပ်တဲ့ သူ့သူငယ်ချင်းအိမ်ထိ လိုက်လာပြီး တံခါးလာခေါက်တာ။ အဲ့ဒီမှာ သစ်တောဝန်ထမ်းဆိုသူက တံခါးဖွင့်ပေးတဲ့အချိန် ဓားနဲ့အရင်လှမ်းခုတ်ပြီး နားထင်ကို သေနတ်နဲ့ တေ့ပစ်တာ။ သူ့သူငယ်ချင်းဆိုသူကိုလည်း လည်ပင်းကိုဓားနဲ့လှီးပြီး သတ်ပစ်တာ။”လို့ ပြောပါတယ်။
အသတ်ခံရတဲ့သူနှစ်ဦးဟာ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်၊ တစ်ပွင့်ဗိုလ်အဆင့်ရှိတဲ့ သစ်တောဝန်ထမ်း ကိုဘရမ်ရှောင်ဆိုသူနဲ့ ကိုဗလမောင်တို့ ဖြစ်ကြောင်း ပြောပါတယ်။
လက်ရှိအချိန် မိုးညှင်းမြို့ကို ကာကွယ်ရန်အတွက်ဆိုပြီး ရှမ်းနီပြည်သူ့စစ်တွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိနေကြောင်းလည်း ဒေသခံတွေဆီကနေ သိရပါတယ်။