စစ်ကောင်စီက ဗလမင်းထင်စစ်ကြောင်းဆိုပြီး ဝိုင်းမော်မှာ စစ်ရေးလှုပ်ရှားလာ
2 June 2024 – Kachinwaves
ဝိုင်းမော်မြို့၊ ရွှေညောင်ပင်တပ်စခန်းကို ပြန်လည်သိမ်းယူဖို့အတွက် စစ်ကောင်စီက အင်အားစုပြီး ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးလာတာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ဝိုင်းမော်ဘက်ကို မေ ၂၉ ရက်နေ့က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူယူပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
“ထိတွေ့မှုဖြစ်တယ်။ ခြင်းကျားကြီးတွေ ပိုးလို့တက်လာကြတာလေ။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိနာတာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဗလမင်းထင်စစ်ကြောင်းဆိုပြီး စစ်ကောင်စီဘက်က အမည်ပေးထားပြီး စက်လှေတွေနဲ့ ကမ်းကိုကူးလာတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ ကချင်ပြည်နယ် ဝိုင်းမော်ဘက် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အင်အားဖြည့်ဖို့နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားတဲ့ ရွှေညောင်ပင် ခမရ (၃၂၁) ကို ပြန်သိမ်းယူဖို့ အစီအစဉ်ရှိပုံရတယ်လို့လည်း ပြောပါတယ်။
အဆိုပါစစ်ကြောင်းနဲ့ အခုလက်ရှိ စစ်ဆိုင်ထားဆဲ အနေအထားရှိပြီး တိုက်ပွဲအချိန်မရွေး ပြန်လည်ဖြစ်ပွါးနိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း မေလမှာစတင်ခဲ့တဲ့ KIA ရဲ့ ထိုးစစ်ကြောင့် ဝိုင်းမော်မြို့လုံခြုံရေးအတွက် အရေးပါတဲ့ ရွှေညောင်ပင် ခမရ (၃၂၁) အပါအဝင် တပ်စခန်း ၂၀ ကျော်ကို စစ်ကောင်စီက လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။