ရွှေကူ မြို့ကုန်းတိုက်နယ် ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်လိုက်လို့ ကလေး ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
2 June 2024 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ်ဆေးရုံကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲခဲ့လို့ အသက် (၇) နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ပြီး အခြားထိခိုက်သူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
မနေ့ည ၁၁ နာရီခွဲအချိန်လောက်က မြို့ကုန်းဆေးရုံနဲ့ ဆေးရုံရှေ့က လူနေအိမ်တွေကို ဗုံးကြဲခဲ့လို့ ဆေးရုံမှာဆေးကုသပေးနေတဲ့ သူနာပြုဆရာမတွေအပါအဝင် ထိခိုက်သူ (၆) ဦးရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဖေ့ဘုတ်လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာတော့ နွားတွေထိခိုက်သေဆုံးနေတာကိုလည်း တွေ့ရပါတယ်။
ဆယ်နှစ်အောက် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူထဲက သားအဖ (၂) ဦးကတော့ ခြေထောက်ဖြတ်ပစ်ရမယ့် အနေအထားထိ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
“အရပ်သား သားအဖ ၂ ယောက် ခြေထောာက်ဖြတ်ရမယ်လို့ ကြားနေတယ်။ သားအဖနှစ်ယောက်လုံး”
စစ်ကောင်စီက ဗုံး ၄ လုံးကြဲချခဲ့တာကြောင့် ဆေးရုံနဲ့ ဆေးရုံရှေ့ကအိမ် တစ်လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
လေယာဉ်နဲ့ဗုံးကြဲချခံရတဲ့ မြို့ကုန်းဆေးရုံဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တုန်းကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့တစ်ခါ ပစ်ခတ်ဖျက်ဆီးတာခံခဲ့ရတဲ့ တိုက်နယ်ဆေးရုံဖြစ်ပါတယ်။