စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် လယ်တောမှ နွားဆွဲပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေဆုံး
31 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် လယ်တောမှနွားဆွဲပြီးပြန်လာသည့် ပြည်သူတစ်ဦးနှင့် နွားတစ်ကောင် ထိမှန်သေဆုံးကြောင်း မြို့နယ် ပလဖ ရဲဘော်တစ်ဦးက ပြောသည်။
ယမန်နေ့ မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် မဒေါင်းလှပျူစောထီးခြံ၌ ပျူစာထီးနှင့် စစ်ကောင်စီတပ်များက ၎င်းရွာနှင့် ၁ မိုင်ကျော်သာဝေးသည့် နှဲတွင်းရွာဘက်ကို လက်နက်ကြီးဖြင့် ၁၃ ချက်ပစ်ခတ်ခဲ့ရာ ကျေးရွာအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပလဖ ရဲဘော်က ပြောသည်။
“သူတို့ (စကစ) ရိက္ခာထွက်ရှာတဲ့အချိန်တို့၊ မူးရူးသောက်စားထားတဲ့အချိန်ဆို ရမ်းတမ်းလျှောက်ပစ်တတ်တယ်။ အခုကလည်း ဘာတိုက်ပွဲမှမရှိဘဲ ရမ်းပစ်တာ။ နှဲတွင်းရွာရဲ့ အရှေ့မြောက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာ။ အဲ့မှာ လယ်တောထဲကနေ နွားဆွဲပြီးပြန်လာတဲ့ ပြည်သူတစ်ယောက်ရယ်၊ နွားရယ် ထိပြီးဆုံးသွားတယ်။”ဟု ဆိုသည်။
သေဆုံးသွားသူသည် နှဲတွင်းရွာမှ အသက် ၅၀ နှစ်အရွယ် ဦးတင်ဆောင် ဆိုသူဖြစ်ကြောင်း သိရသည်။
မေလ ၂၄ ရက်နေ့ကလည်း ရွှေဘို၊ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၈) မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ခင်ဦးမြို့နယ် ရွာစဉ်ရွာမြောက်ပိုင်း နွားတဲပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့၍ ပြည်သူ ၂ ဦးထိခိုက်ပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။