တိုင်းပြည်နှင့် လူမျိုးအတွက် ကျဆုံးသွားသော သူရဲကောင်းရဲဘော်ရဲဘက်များအား အလေးပြုဂုဏ်ပြုခြင်း အခမ်းအနား KIA ကျင်းပ
23 May 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ KIO ၏ တောင်ပိုင်းတိုင်းဌာနချုပ် ပန်ဒန်ခန်းမ (Padang Gawknu) ၌ ယနေ့ မေ ၂၃ ရက်နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးစတေးခဲ့ကြသော သူရဲကောင်းများကို အလေးပြုဂုဏ်ပြုခြင်း အခမ်းအနားနှင့်အောက်မေ့သတိရခြင်း ဆုတောင်းပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
ကျဆုံးသွားသော သူရဲကောင်း ရဲဘော်ရဲဘက်များအား မြေမြုပ်သင်္ဂြီုလ်ထားသည့် ဒီမား (Dima) သူရဲကောင်းကုန်း၌ စစ်ဘက်ထုံးတမ်းအရ အလေးပြုခြင်း အခမ်းအနားကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်း အစီအစဉ်အရ အောက်မေ့သတိရ ဆုတောင်းခြင်း ပြုလုပ်ခဲ့ကြောင်း KIO ၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA အမှတ် (၄)၊ (၆)၊ (၁၀) တပ်မဟာများ အခြေစိုက်လှုပ်ရှားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၀) ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းဖော်ပြထားသည်။