လွှစင်ထောင်သည့်ခေါင်းစဉ်တပ်ပြီး ကာမိုင်း စစ်ကောင်စီတပ်က နန့်စီးအင်ကျေးရွာမှ ဘာသာရေးဆရာအပါအဝင် ပြည်သူအယောက် ၃၀ ခန့်ကို ဖမ်းဆီးစစ်ဆေး
23 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ ကာမိုင်းဒေသရှိ နန့်စီးအင်ကျေးရွာမှ ဘာသာရေးဆရာအပါအဝင် ဒေသခံ ၃၀ ခန့်ကို ကားမိုင်းဗျူဟာကုန်းတွင် ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
နန့်စီးအင်ကျေးရွာတွင် လွှစင် (လက်ဆွဲလွှ) ထောင်သည်ဟု သတင်းရ၍ ကာမိုင်းဗျူဟာကုန်းမှ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့တို့က မေလ ၂၃ ရက် နံနက် ၃ နာရိ ၃၀ မိနစ်ခန့်တွင် နန့်စီးအင်ကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံပြည်သူများကို စစ်ဆေးမေးမြန်းပြီးနောက် လူလတ်ပိုင်းအမျိုးသားများကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
”ဒီညနေ ပြန်လွှတ်ပေးမယ်လို့ ပြောတယ်။ သူတို့ လွှစင်လုပ်ငန်းထောင်တာ အရင်က စစ်တပ်က မသိဘူး။ အခုသူတို့သိတော့ လာစစ်ဆေးပြီး အခွန်ဆောင်ခိုင်းတဲ့သဘော။ အုပ်ချုပ်ရေးမှူးကတဆင့် (ငွေ) တောင်းခိုင်းတာ သိန်း ၂၀ ကျော်တယ်တဲ့။ ပိုက်ဆံပေးပြီးတာနဲ့ ခုဖမ်းခေါ်ထားတဲ့သူတွေကို ပြန်လွှတ်ပေးမယ်ပြောတယ်။”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လည်လွတ်ပေးခြင်းရှိမရှိ မသိရသေးပဲ၊ ဒေသခံအချို့ကလည်း ၎င်းတို့ကို စစ်ကြောင်းလမ်းပြအဖြစ် ခေါ်ဆောင်သွားမည်ကို စိုးရိမ်နေကြသည်။