မိုးမောက်-ဗန်းမော်မြို့ကြား တိုက်ပွဲမှာ စစ်ကောင်စီက တစ်နေ့လုံး လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်နေ
24 May 2024 – Kachinwaves
မိုးမောက်နဲ့ ဗန်းမော်မြို့ကြားမှာ ဒီကနေ့မနက် ၅ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
KIA ပူးပေါင်းအဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံနေရတဲ့ မိုးမောက် ခမရ (၄၃၇) အတွက် ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကြောင်းကို မိုးမောက်မြို့အဝင်လမ်းကြောမှာ ကြားဖြတ်တိုက်ရာကနေ တိုက်ပွဲစတင်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“သူတို့ ထောက်ပို့တက်လာတာ ၄၃၇ ကို။ အဲ့တာနဲ့ ဖြစ်နေတာ”
ဗန်းမော်မြို့အဝင် စီဟဲရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ မိုးမောက်စစ်ရှောင်တွေက ဆိုကြပါတယ်။
တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မိုးမောက်က စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။
“လေယာဉ်နဲ့ပစ်တာက ၅ ကြိမ်အထက်ရှိတယ်။ မိုးမောက်ဘက်ပစ်လိုက်၊ ဗန်းမော်ဘက်ပစ်လိုက်။ ပြီးတော့ Y – 12 တွေနဲ့က တစ်နေကုန် ပစ်နေတာ”
တိုက်ပွဲတစ်နေ့လုံးဖြစ်ပွားနေပြီး ဗန်းမော်ဘက်မှာရှိတဲ့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ တစ်နေကုန် ပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးမောက်မြို့ စစ်ကောင်စီရဲစခန်းကို ဒီလ မေ ၇ ရက်နေ့က KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်နိုင်တာကြောင့် လတ်တလော မြို့ကိုထိန်းချုပ်ထားနိုင်ပေမယ့် မိုးမောက်မြို့အထွက်က မြို့စောင့်တပ် ခမရ ၄၃၇ တပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့လိုအပ်နေသေးကြောင်း သိရပါတယ်။