မြို့သိမ်းစစ်ဆင်ရေး ဖြစ်လာတဲ့ ကချင်ပြည်နယ်က စစ်ရေးအခြေအနေ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
14 May 2024 – Kachinwaves
လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ပစ်မှတ်ဖြစ်လာတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရုံးစိုက်တဲ့ ဗန်းမော်မြို့ကို ချုပ်ကိုင်နိုင်ဖို့အတွက် စစ်ရေးသော့ချက်တွေထဲက တစ်ခုဖြစ်တဲ့ စင်းခန်းရွာနဲ့ တံတားကို မေလ ၇ ရက်နေ့က ရွှေကူမြို့နယ် KPDF အဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင်တံတားနဲ့ စင်းခန်းတံတားနှစ်စင်း ရှိပါတယ်။ ဗလမင်းထင်တံတားဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားပြီး KIA ဌာနချုပ် လိုင်ဇာဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဗန်းမော်ကားလမ်းနဲ့ ချိတ်ဆက်နေတဲ့ တံတားဖြစ်ပါတယ်။ စင်းခန်းတံတားကတော့ ဗန်းမော်နဲ့ ရွှေကူမြို့ကြား ကားလမ်းအတွက်ရော၊ ရေလမ်းကြောင်းအတွက်ရော အရေးပါတဲ့ တံတားဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်းနဲ့ပါ ကူးလူးဆက်သွယ်သွားနိုင်တဲ့ သော့ချက်ကျတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။
ဗလမင်းထင်တံတားနဲ့ ချိတ်ဆက်နေတဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်ကြောဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ကတည်းက လမ်းကြောပိတ်ဆို့ခံထားရတာဖြစ်ပြီး အခုဆိုရင် ဗလမင်းထင်တံတားအထိပါ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အချိန်မရွေး တိုက်ခိုက်မှုရန်ကို စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေပါပြီ။
စင်းခန်းတံတားကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်လိုက်နိုင်တာဟာ မိုးတွင်းကာလ၊ မန္တလေး ဆိပ်ကမ်းကနေ ရွှေကူနဲ့ ဗန်းမော်ဘက်ကို စစ်အင်အား၊ လက်နက်၊ ရိက္ခာတွေ ပို့ဆောင်ပေးဖို့အတွက် အရေးကြီးတဲ့ လမ်းကြောင်းကို ဖြတ်တောက်ထားလိုက်တဲ့ အနေအထား ဖြစ်ပါတယ်။ မနှစ်က ၂၀၂၃ တုန်းကလည်း စင်းခန်းမှာ သင်္ဘောလုံခြုံရေးယူတဲ့ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
ဒါကြောင့် ရေကြောင်းနဲ့ ဗန်းမော်ဘက်ကို ရိက္ခာနဲ့ စစ်အင်အားတွေ ထောက်ပို့ရာမှာ အချက်အချာကျတဲ့ စင်းခန်းကို တော်လှန်ရေးအဖွဲ့က သိမ်းယူလိုက်နိုင်ခြင်းဟာ ဒီနှစ် မိုးရာသီမှာ စစ်ကောင်စီရဲ့ သင်္ဘောတွေ ဗန်းမော် ရောက်နိုင်ဖို့ အရင်နှစ်တွေလို မဟုတ်ဘဲ၊ ခက်ခဲသွားပြီဆိုတာကို ညွှန်ပြနေပါတယ်။
ဒုတိယအချက်အနေနဲ့ စင်းခန်းကျေးရွာဟာ ရွှေကူနဲ့ ဗန်းမော် ကားလမ်းကြောမှာ တည်ရှိပါတယ်။ ရွှေကူနဲ့ ဗန်းမော်မြို့ဟာ တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်တာကို မခံရသေးပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေအခင်းအကျင်းတွေအရတော့ တစ်ဖြည်းဖြည်းနဲ့ ချောင်ပိတ်လာတဲ့ မြို့နှစ်မြို့ ဖြစ်ပါတယ်။ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) ရုံးစိုက်တဲ့ ဗန်းမော် ပတ်ပတ်လည်က မိုးမောက်နဲ့ မံစီမြို့တွေကို မေလ ၇ ရက်နေ့ကစပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
စင်းခန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းချုပ်လိုက်နိုင်ခြင်းဟာ ဗန်းမော်နဲ့ ရွှေကူမြို့ကြား စစ်ရေးထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်တဲ့အပြင် မံစီမြို့ဘက်ကို စစ်ကူအင်အား ထောက်ပို့နိုင်ဖို့လည်း ဖြတ်တောက်လိုက်နိုင်တဲ့ သဘောဖြစ်ပါတယ်။
ထပ်ဆောင်းအနေနဲ့ ရွှေကူမြို့နယ်ရဲ့ အခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် ရွှေကူမြို့နယ်ထဲက နေရာအများစုဟာ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးနေတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ရွှေကူမြို့ အနောက်ဘက်ခြမ်းက ကျောက်ကြီးရဲစခန်းနဲ့ မြို့လှဗျူဟာက စစ်ကောင်စီတပ်တွေဟာ ဒီနှစ် ဖေဖော်ဝါရီလမှာ စခန်းစွန့်ခွာသွားကြတဲ့အတွက် ရွှေကူရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးဒေသဖြစ်သွားပြီး အရှေ့ဘက်ခြမ်းမှာရှိတဲ့ ငှက်တံတား၊ နန့်လန်၊ နောင်လတ်ကြီး စတဲ့ လမ်းကြောတစ်လျှောက်လုံးက ကျေးရွာတွေဟာလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်နေတဲ့ အခြေအနေပါ။ ဒီအခင်းအကျင်းတွေကို ခြုံငုံကြည့်မယ်ဆိုရင် ရွှေကူမြို့မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအဖွဲ့တွေဘက်က မြေပြင်စစ်ကူအင်အား ဖြတ်တောက်ထားနိုင်တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
KIA နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ မတ်လ ၇ ရက်နေ့မှာစခဲ့တဲ့ ကချင်ပြည်နယ်အတွင်းက စစ်ဆင်ရေးဟာ ၂ လကျော်လာပြီ ဖြစ်ပါတယ်။ ဒီနှစ်လကျော်အတောအတွင်း မြစ်ကြီးနား-ဗန်းမော်လမ်းကြောက KIA ဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကြီးတွေနဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနဲ့ မိုးမောက်မြို့နယ်ထဲက မြို့သစ်၊ ကုန်းလော ကျေးရွာဒေသတွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး၊ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့နယ်ခွဲကိုလည်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်တဲ့အတွက် မြောက်ပိုင်း ပူတာအိုမြို့လည်း တစ်ဖြည်းဖြည်း ပိတ်ဆို့ခံလာရတဲ့ သဘောတွေ့ရပါတယ်။
လက်ရှိ မိုးမောက်မြို့နဲ့ မံစီမြို့ကို အပြီးအပိုင်းရရှိနိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်မြို့မှာ မြို့သိမ်းတိုက်ပွဲဖြစ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် စစ်ရေးအခြေအနေ ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။