ဖောင်းပြင်မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တို့က ထပ်မံသိမ်းပိုက်
14 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တို့က ယမန်နေ့ မေလ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်း ၄ နာရီအချိန်ခန့်တွင် ပုဂံတောင်ရွာရှိ ဘုရားကုန်းတစ်ခု၌ အခြေပြုတပ်စွဲနေထိုင်သည့် ခမရ (၃၆၇၊ ၃၆၇) စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၆၀ ခန့်ရှိသော တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖောင်းပြင်ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲအား အမှတ် (၁) စစ်ဒေသ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂)၊ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြကြောင်း အမှတ် (၁) စစ်ဒေသကလည်း ထုတ်ပြန်ထား ပါသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ Mi-2 ရဟတ်ယာဉ်နှင့် ဗုံး ၃ လုံး ကြဲချကာ၊ ဒရုန်းများဖြင့်လည်း ဗုံးကြဲချခဲ့ပြီး ရွှေညောင်ပင်ဘက်က စစ်ကောင်စီတပ်မှ ၆၀ မမနှင့် ပစ်ကူပေးခဲ့သည့်အပြင် ဖောင်ပြင်မြို့မှ စစ်ကောင်စီတပ်များကလည်း စစ်ကူပေးသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုက်ပွဲအပြီး စစ်ကောင်စီ စစ်သားများ၏ အလောင်း ၁၁ လောင်း၊ လက်နက်ငယ် (၅) လက်နှင့် ၄၀ မမ (ဗုံး) သီး (၁၀) လုံး သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေး အင်အားစုဘက်မှ ၁ ဦးကျဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တိုက်ပွဲကြောင့် ပြည်သူအချို့ ဖောင်းပြင်မြို့သို့ တိမ်းရှောင်သွားပြီး အချို့က မတီမ်းရှောင်ကြကြောင်း ဖောင်းပြင်ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆက်ပြောသည်။
“ပြည်သူတွေ အခြေနေက ပုံမှန်အတိုင်း ဖြစ်မယ်။ မြို့ထဲ ရှောင်တာတွေလည်း ရှိမယ်ဗျ။ ပုဂံတောင်ရွာက အောက်ဘက်မှာပါ။ ဝင်တိုက်တာက အဲ့ရွာရဲ့ တောင်ကုန်းပေါ်မှာ ရွာနဲ့တော့ နည်းနည်းဝေးတယ်။”ဟု ဆိုသည်။
မေလ ၁၀ ရက်နေ့တုန်းကလည်း ဖောင်းပြင်မြို့နယ်ထဲက ဟာပါးရွာနှင့် ဆိတ်ဆာရွာက စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့သေးသည်။
ဖောင်းပြင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့တို့က မေလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသော စခန်း ၃ ခုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။