ရာသီဥတု ဖောက်ပြန်မှုနှင့် ကုန်စည်လမ်းကြောင်း မတည်ငြိမ်မှုကြောင့် အင်းတော် ပဲစိုက်တောင်သူများ အရှုံးပေါ် အခက်ကြုံနေရ
14 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ ပဲစိုက်တောင်သူများ ရာသီဥတုဖောက်ပြန်မှုကြောင့် အရှုံးပေါ်ပြီး ဝယ်လက်မရှိသည့်အတွက်လည်း ဈေးနှိမ်ခံနေရသည်ဟု ဒေသခံတောင်သူများထံမှ သိရသည်။
ရာသီဥတု အပူချိန်လွန်ကဲမှုနှင့် မိုးရွာသွန်းမှု နည်းခဲ့သောကြောင့် ပဲများသိပ်မဥသည့်အပြင် ကျပ်ငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်းပါ မြင့်တက်သောကြောင့် ပဲစိုက်တောင်သူများ အရှုံးပေါ်ခဲ့ရသည်ဟု အင်းတော်မြို့နယ် မော်လူးဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“ပထမ စိုက်ပြီးတော့ မိုးကတအားကောင်းတယ်။ ၁ လပိုင်းလောက်ကစပြီး နောက်ဆက်တွဲ မိုးကလိုက်မလာတော့ဘူး။ အဲ့ဒီနောက်ပိုင်း နေကလည်း အရမ်းပူလိုက်သေးတော့ ပဲတွေက အရွက်တွေ ညိုးကုန်တာ။ နေပူပြီးတော့ မိုးကပြန်ရွာတယ်။ အဲ့ဒီမိုးက အက်စစ်မိုးတွေ တခြားဓာတ်အငွေ့ရည်တွေ ပါတာလားတော့ မပြောတတ်ဘူး။ မိုးရွာပြီးပြီးချင်း အရွက်တွေ ဝါပြီးအပင်တွေ သေကုန်တာ။ အဲ့တာကြောင့် ပဲတွေက မဥကုန်တော့ဘူး။”ဟု ဆိုသည်။
ပဲကတစ်ဧကလျှင် တင်း ၁၀၀ ထွက်ပြီးတော့၊ ပေါက်ဈေးက တစ်တင်းလျှင် ၁ သောင်း ၈ ထောင်ကျပ်ရှိခဲ့ပြီး ဒီနှစ်မှာတော့ ပေါက်ဈေးက ၂ သောင်း ၈ ထောင်ကျပ်ရှိသော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် တစ်ဧကမှာ ပဲတင်း ၃၀ သာရသည့်အပြင် ငွေကြေးတန်ဖိုး ကျဆင်းလာသည့်အတွက်ကြောင့် ပဲစိုက်တောင်သူများ အရှုံးပေါ်နေရသည်ဟု ပြောသည်။
“ဒီနှစ်က ပဲဈေးက ၂ သောင်း ၈ ထောင်ဆိုပေမဲ့ အကုန်လုံးက ဈေးတက်နေတာလေ။ ပဲနုတ်ခ၊ အလုပ်သမားခ၊ ပဲမျိုးခ၊ ထွန်စက်ငှားခ၊ ဆီခ၊ ဓာတ်မြေဩဇာခတွေ အကုန်တွက်လိုက်မယ်ဆိုရင် ကိုယ့်အတွက်ဘာမှ မကျန်ဘူး။ ဒီကြားထဲ ရာသီဥတုက ဖောက်လိုက်သေးတယ်။ တောင်သူတွေကတော့ အရှုံးချည်းပါပဲ။”ဟု ဆိုသည်။
ထို့ပြင် မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှာ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လမ်းကြောပိတ်မှုများ ဖြစ်ပွားနေသဖြင့် ပဲစိုက်တောင်သူများအတွက် ဝယ်လက်မရှိဖြစ်နေပြီး ဈေးနှိမ်ခံနေရသည်ဟုလည်း ဆက်ပြောသည်။
“ပဲကုန်သည်တွေက ဒီကပဲတွေကိုဝယ်ပြီး မန္တလေးပွဲရုံကိုပို့တာ။ ဒီကပဲတွေကို အစိုတွေဝယ်ပြီးတင်ပို့တာ၊ မန္တလေးပွဲရုံမှာမှ အခြောက်ပြန်လှန်းတာဆိုတော့ လမ်းက ခဏခဏပိတ်တော့ ကုန်သည်တွေက သူတို့ရှုံးမှာစိုးလို့ ပဲတွေမဝယ်ရဲတော့ဘူးလေ။ ဒီကတင်ပြီး လမ်းမှာ ပိတ်မိနေရင် ပဲတွေကပုပ်မှာလေ။ အဲ့တာကြောင့် ဝယ်လက်မရှိတော့၊ ပေါက်ဈေးထက် ပေးတဲ့ဈေးကိုပဲ ရောင်းနေရတာ။”ဟု ဆိုသည်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသသည် မြေပဲနှင့်စပါးကို အဓိကစိုက်ပျိုးကြပြီး မြေပဲကိုနှစ်စဉ် ဒီဇင်ဘာလတွင် စိုက်ပျိုးကာ မေလမှာတော့ ပဲနုတ်ယူ ရောင်းချကြကြောင်း သိရသည်။