စကစ မြို့သစ်ဆေးရုံကိုဦးတည်ပြီး ဗုံးကြဲ၊ အမျိုးသားတစ်ဦး အစအနပျောက်ကာ အမျိုးသမီး ၂ ဦး လိုင်းဇာမှာ ကုသနေရ
14 May 2024 – Kachinwaves
တိုက်ပွဲမဖြစ်ပဲ စစ်တပ်ကအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ် မိုးမောက်မြို့နယ် မြို့သစ်ဘက်မှာ ဖြစ်ပွါးခဲ့တယ်လို့ သိရတယ်။
မြစ်ကြီးနား – ဗန်းမော် လမ်းမကြီးဘေး မြို့သစ်ဆေးရုံအနီးကို မနေ့ည ၈ နာရီကျော်ဝန်းကျင်မှာ စစ်တပ်က တိုက်လေယာဉ်တစ်စီးနဲ့ ဗုံး ၂ လုံး ကြဲခဲ့တာကြောင့် ဆေးရုံနားက အအေးဆိုင်တစ်ဆိုင်ပေါ် ဗုံးကျခဲ့တယ်လို့ မြို့သစ်ဘက်က စစ်ရှောင်လာသူ တစ်ဦးက ဆိုပါတယ်။
“ဆေးရုံက (ခမရ) ၃၂၀ ဘက်ကနေလာရင် မင်းဂျမ်းရွာနဲ့ မြို့သစ်အစပ်၊ ဘယ်ဘက်မှာ။ ဆေးရုံကိုကြဲတာ ထင်တယ်။ ဆေးရုံကို မထိဘဲ အဲ့နားက အိမ်ထိတာ။”လို့ ပြောပါတယ်။
လေယာဉ်ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါအအေးဆိုင်က အမျိုးသားဖြစ်သူဟာ အစအနရှာဖွေမရအောင် ပျောက်ဆုံးနေပြီး အမျိုးသမီး ၂ ဦးကတော့ ပြင်းထန်ဒဏ်ရာနဲ့ လိုင်ဇာမြို့မှာ လာရောက်ဆေးကုသ နေတယ်လို့ ဆိုပါတယ်။
“ခေါင်းမှာထိထားတဲ့ အမျိုးသမီးကိုကျတော့ လိုင်ဇာပို့ထားတယ်တဲ့။ ယောကျ်ားကျတော့ အစအန ရှာမရတော့ဘူးတဲ့။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ဒေါ်ချယ်ရီဖြူနဲ့ ဒေါ်သောင်းတင်တို့ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားကတော့ ဦးအောင်နိုင်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။
ယခုလ မေ ၈ ရက်နေ့ကလည်း အခု ဗုံးကျပေါက်ကွဲခဲ့တဲ့ အိမ်အနားက မြို့သစ်ဆေးရုံကို စစ်တပ်က ဗုံးကြဲခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါသေးတယ်။