မန်ကျည်းအုပ်ကျေးရွာတွင် ဒရုန်းသင်တန်းပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရ၍ ၆ ဦးသေဆုံးပြီး၊ ၁၇ ဦးဒဏ်ရာရ
12 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တောင်ဘက်ခြမ်း မန်ကျည်းအုပ်ကျေးရွာတွင် ဒရုန်းသင်တန်းပြုလုပ်နေချိန် စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၃ ဦးနှင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တံတားဦးမှတက်သည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် မန်ကျည်းအုပ်ရွာထိပ်ဇရပ်ကို ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့သည်ဟု တော်လှန်ရေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ရွာထိပ်ဇရပ်ကို ကြဲတာ။ အဲ့မှာ ဒရုန်းသင်တန်းလည်း ရှိနေတာလေ။ ရဲဘော်က ၄ ယောက် ပြည်သူက ၂ ယောက် ချက်ချင်းသေတာ။ ၁၇ ဦးက ဒဏ်ရာရတယ်။ ထပ်တိုးလည်း ရှိနိုင်သေးတယ်၊ ရွာထိပ် ဇရပ်ကလည်း ပျက်စီးသွားတယ်။”ဟု ဆိုသည်။
သေဆုံးသွားသည့် ရဲဘော် ၃ ဦးမှာ အသက် ၂၀ နှစ်နှင့် ၂၅ နှစ်ကြား ရဲဘော်များဖြစ်ကြောင်းသိရပြီး သေဆုံးပြည်သူထဲမှ ၂ ဦးကတော့ အသက် ၆၀ နှစ်နှင့် ၂၄ နှစ်အရွယ် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာက ပြည်သူ ၃၀ နီးပါးကို အစုံလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကြောင်း သိရသည်။