တမူးနယ်စပ်မြို့သစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်
11 May 2024 – Kachinwaves
စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနယ်စပ် တမူးမြို့သစ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ယနေ့ ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တမူးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
မေလ ၇ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်း တမူးဒေသခံ တော်လှန်ရေး ရဲဘော်က ဆိုသည်။
တမူးမြို့နယ်၊ တမူးမြို့သစ်တွင် အခြေပြုနေသော အမှတ် (၂၂၈) ခလရ (ခြေလျင်တပ်ရင်း)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ အမှတ် ၈၉၁ တပ်မဟာမှ တပ်ရင်း ၃၊ ကသည်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီးတို့ ပူးပေါင်းအင်အား (၂၅၀) ခန့်ရှိသည့် စစ်ကောင်စီတပ်အား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်ထားသည်။
တိုက်ပွဲတွင် စစ်ကောင်စီ စခန်းမှူး ရဲအုပ်ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ်မျိုးသန့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၁ ဦး အလံဖြူထောင် လက်နက်ချခဲ့ပြီး အသေအဆုံးနှင့် ထိခိုက်ဒဏ်ရာရသူစာရင်းကိုတော့ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ရန်သူ့ထံမှ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ (၁၂) လုံး၊ အီနာဂါ (၅) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ Station Jammer (၃) ခု၊ ကျည်အိမ် (၃၄) ခုနှင့် ကျည်အချို့သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအား တော်လှန်ရေးဘက်မှ တမူးခရိုင် ကွပ်ကဲရေးမှူးဦးစီးပြီး၊ တမူးခရိုင် တပ်ရင်း (၂)၊ အထူးလှုပ်ရှား တပ်ရင်း (၉)၊ ကူကီးအမျိုးသားတပ်မတော် KNA (B)၊ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NLA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
တမူးမြို့သစ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများသည် လွန်ခဲ့သည့် ၁ လခန့်ကတည်းက ထွက်ပြေးရန် ကြိုတင်ပြင်ဆင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ စသည့်အခါ အိန္ဒိယဘက်ကို ထွက်ပြေးသွားသည်ဟု တမူးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဌာနဆိုင်ရာ ဝန်ထမ်းတွေက လွန်ခဲ့တဲ့ ၁ လလောက်ကြီးနဲ့ ကြိုတင်ပြင်ဆင်ပြီး သူတို့ရဲ့ အိမ်ထောင်ပရိဘောဂတွေ တန်ဖိုးကြီးပစ္စည်းတွေ ရောင်းချထားပြီးသား၊ မြို့သိမ်းလည်းစရော သူတို့မိသားစုဝင်တွေရော၊ ဝန်ထမ်းတွေရော အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတယ်။”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဖုန်းလိုင်းအခက်အခဲကြောင့် ပြည်သူအချို့ ထွက်ပြေးခဲ့သော်လည်း အချို့ကတော့ မြို့တွင်း ပိတ်မိနေခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
“ပြေးတဲ့လူရှိသလို တချို့ ကျန်ခဲ့တဲ့လူလည်း ရှိတယ်။ မြို့သစ်က ဖုန်းလိုင်းမကောင်းတော့ သတင်းကနောက်ကျမှ ရတာမျိုးဖြစ်နေတာ။”ဟု ဆိုသည်။
တမူးမြို့သစ်သည် တမူးမြို့နှင့် ၂၁ မိုင်ကွာဝေးပြီး စစ်ကောင်စီ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အကျဉ်းထောင်များရှိသည့် နယ်စပ်မြို့တစ်မြို့ ဖြစ်သည်။