မြစ်ကြီးနားမြို့တွင် ကြက်ဝိုင်းတစ်ဝိုင်းကို စစ်ကောင်စီရဲများ ဝင်ဖမ်းခဲ့၍ တစ်ယောက် တစ်သိန်းခွဲ ဒဏ်ရိုက်ကာ ခံဝန်ထိုးခိုင်းပြီး ပြန်လွတ်ပေးသည်ဟု ဆို
8 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က တိုက်ကြက် လောင်းကစားဝိုင်းသို့ စစ်ကောင်စီရဲ ၆ ဦးရောက်ရှိလာပြီး ကြက်ဝိုင်းအနီးအနားရှိ လူ ၁၁ ဦးနှင့် ဆိုင်ကယ်သုံးစီးကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။
”ခါတိုင်းဆို အဲ့နေရာက လူအရမ်းများတယ်။ ၂၀ ကျော်လောက်ထိရှိတယ်။ ဒီနေ့မှ လူနည်းတာ။ ရဲတွေကားပေါ်ကဆင်းလာပြီး သေနတ်အတိုနဲ့က နှစ်ယောက်တွေ့တယ်။ ကျန်တဲ့သူတွေတော့ လက်နက်မပါဘူး။ ယူနီဖောင်းလည်း မဝတ်ထားဘူး။ ကားပေါ်ကဆင်းလာပြီး သေနတ်နဲ့ချိန်ပြီး အကုန်ဖမ်းခေါ်သွားတာ။ အဲ့နားမှာရှိနေတဲ့ ဆိုင်ကယ်သုံးစီးလည်း သယ်သွားတယ်၊ သုံးဘီးနဲ့”ဟု မျက်မြင်တစ်ဦးက ပြောပြသည်။
ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ကျပ်ငွေတစ်သိန်းခွဲစီဖြင့် ခံဝန်ထိုးခိုင်းပြီး ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ စက်မှုဇုံနှင့် ရမ်ပူရပ်ကွက်များတွင် ကြက်ဝိုင်းများ မကြာခဏထောင်လေ့ရှိကြပြီး အချို့ဝိုင်းများတွင် ရဲများကိုယ်တိုင် ဦးဆောင်သလို တစ်ခါတစ်ရံ ဝိုင်းကြေးပေါ်မူတည်၍ လုံခြုံရေးပင် ယူပေးတတ်ကြောင်း သိရသည်