ဖောင်းပြင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့၊ စကစ အလောင်းများနှင့် လက်နက်ခဲယမ်းများရရှိ
8 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ရောင်းဟီးရွာတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း ဖောင်းပြင်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
မေလ ၄ ရက်နေ့ ဖောင်းပြင်မြို့နယ် ရောင်းဟီးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာပြီး အဲ့ဒီနေ့ နံနက် ၁၁ နာရီခန့်က ရောင်းဟီးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ၎င်းရဲဘော်က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများနေသည့်အတွက် မေ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းပစ်ကူယူပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပြောသည်။
“၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ ၅ ရက်နေ့ ၁၀ (နာရီ) ခွဲလောက်မှာ လေကြောင်းပစ်ကူပြီး ပြန်ဆုတ်သွားတယ်။ အဲ့မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း မီးရှို့ထားခဲ့တယ်။”ဟု ဆိုသည်။
၎င်းတိုက်ပွဲမှာ ၁ ရက်ကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ အလောင်း ၇ လောင်းတွေ့ရှိသည့်အပြင် လက်နက်ခဲယမ်းများ၊ ဖုန်း (၃) လုံးနှင့် ဆက်သွယ်ရေးစက် (၁) လက် ရရှိခဲ့သည်ဟုလည်း ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ရောင်းဟီရွာမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့သလို ကျောင်းတော်ကြီးကျောင်းများလည်း အထိခိုက်အပျက်အစီးများ ရှိခဲ့ကြောင်း သိရသည်။